News

POST TAGGED AS

နိုင်ငံရေး

မလျှော့မတင်း စောင်းကြိုးညှင်းသို့
ပြည်သူတို့ကိုယ်စား နိုင်ငံတစ်ခုကို ဦးဆောင်နေသူမှာ အစိုးရဖြစ်သည်။ တစ်နည်းပြောရလျှင် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူအများစုတို့က ရွေးကောက်တင်မြှောက်ခံရသည့် နိုင်ငံရေးပါတီဖြစ်သည်။ အနိုင်ရသောနိုင်ငံရေးပါတီက အစိုးရဖွဲ့ခွင့်ရှိသည်ဖြစ်၍ နိုင်ငံကိုအုပ်ချုပ်မည့် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်သည်။ နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့သည် ပါတီ၏ကိုယ်စား နိုင်ငံတော်ကို အုပ်ချုပ်စီမံခန့်ခွဲရန် လိုအပ်သည့်မူဝါဒများကို ချမှတ်သည်။ ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့်လွှတ်တော်သည် ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းသည်။ နိုင်ငံတော်ကို အုပ်ချုပ်စီမံခန့်ခွဲရာတွင် လွှတ်တော်က ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီသာ ဆောင်ရွက်ရသည်။ ဤတာဝန်ကို ဝန်ကြီးဌာနများက ဆောင်ရွက်ရသည်။ နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့သည် နိုင်ငံတော်၏မူဝါဒများကို အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာနများကို ကြီးကြပ်ကွပ်ကဲသည်။ ညှိနှိုင်းပေါင်းစပ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ကြီးချုပ်ဦးဆောင်သည့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့က တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာနဆိုင်ရာများကို ကြီးကြပ်ကွပ်ကဲသည်။ ညှိနှိုင်းပေါင်းစပ်သည်။ သို့ရာတွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့တွင် ထိုကဲ့သို့ ဖွဲ့စည်းထားခြင်းမရှိ။ အခြေခံဥပဒေပုဒ်မ ၂၈၈ တွင် “ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည်”ဟူ၍ ပြဋ္ဌာန်းထားသည်ဖြစ်ရာ၊ လက်ရှိတွင် ခေတ်အဆက်ဆက်၌ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားတွင် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စီမံခန့်ခွဲရေးဝန်ထမ်းများကို သက်ဆိုင်ရာအဆင့်အလိုက် အုပ်ချုပ်ရေးတာဝန်များ ပေးအပ်ထားသည်။

အုပ်ချုပ်ရေးတာဝန်များ ပေးအပ်ထားသည်ဆိုသော်လည်း ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်များကဲ့သို့ အခြားသော ဝန်ကြီးဌာနလက်အောက်ခံဌာနများနှင့် ဝန်ထမ်းများကို ကြီးကြပ်ကွပ်ကဲခွင့်မရှိ။ ညှိနှိုင်းပေါင်းစပ်ခွင့်သာရှိသည်။ ယခင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်သော ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့များသည် လည်းကောင်း၊ တပ်မတော်အစိုးရလက်ထက်တွင်ဖွဲ့စည်းသော ခရိုင်/မြို့နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တို့တွင် လည်းကောင်း သက်ဆိုင်ရာအဆင့်၏ ဌာနဆိုင်ရာအကြီးအကဲများကို ကြီးကြပ်ကွပ်ကဲခွင့် ပေးထားသည်။

ကြီးကြပ်ကွပ်ကဲသည်ဆိုခြင်းမှာ ခရိုင်/မြို့နယ်အဆင့် အကြီးအကဲများ ခရီးသွားလျှင် ခွင့်ပြုချက်တောင်းခံခြင်း၊ ရှောင်တခင်ခွင့်တင်ပြလာပါက ခွင့်ပြုခြင်းနှင့် လုပ်သက်ခွင့်တင်ပြလာပါက ထောက်ခံတင်ပြခြင်း စသည်တို့အပြင် အထက်မှပေးအပ်သော လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းပြီးစီးမှု ရှိ မရှိ၊ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း ရှိ မရှိ စသည်တို့အပြင် လေလွင့်ဆုံးရှုံးမှုနှင့် နိုင်ငံတော်ဘဏ္ဍာ အလွဲသုံးစားမှု ရှိ - မရှိ စသည်တို့ကို အခါအားလျော်စွာဖြစ်စေ၊ အထက်မှ တာဝန်ပေးအပ်သည့်အခါဖြစ်စေ ကြီးကြပ်ကွပ်ကဲခြင်းကို ဆိုလိုပါသည်။

ယခုအခါတွင်မူ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများသည် အုပ်ချုပ်ရေးဟူသည့် အမည်နာမ တပ်ထားသော်လည်း ကြီးကြပ်ကွပ်ကဲပိုင်ခွင့်မရှိဘဲ ပေါင်းစပ်ညှိနှိုင်းခြင်းသာ ပြုလုပ်နိုင်သည့်အတွက် သက်ဆိုင်ရာအဆင့်ရှိ ဌာနအကြီးအကဲများက အားကိုးယုံကြည်စိတ်ချလာအောင် ၎င်းတို့အပေါ်တွင် အစ်ကိုကြီးတစ်ယောက်အနေနှင့် ပြုမူနေထိုင်ပြောဆိုခြင်းဖြင့် မိမိဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ၊ စီမံကိန်းအကောင်အထည်ဖော်မှုလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ကျွန်တော့်အနေနှင့် တစ်ချိန်က မြို့နယ်/ခရိုင်အဆင့်တွင် အာဏာပိုင်အဖွဲ့အစည်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ရသည့်အချိန်ကပင် မိမိကြီးကြပ်၊ အုပ်ချုပ်၊ လမ်းညွှန်ရသည့် မြို့နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများအား မိတ်ဆွေအပေါင်းအသင်း ရောင်းရင်းသဖွယ်၊ ညီရင်းအစ်ကိုသဖွယ် ပြုမူဆက်ဆံကာ စည်းရုံးရေးနည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အတွက် အထက်မှပေးအပ်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့ဖြစ်ရာ ယနေ့ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေကြရသော မြို့နယ်/ခရိုင် အုပ်ချုပ်ရေးမှူးများအနေနှင့် မိမိတာဝန်ယူဆောင်ရွက်ရသည့် ဒေသအတွင်း လုပ်ငန်းတာဝန်များကို အောင်မြင်ကျေပွန်စွာ တာဝန်ထမ်းဆောင်နိုင်ကြရေးအတွက် ဉာဏ်ရှိသလို ကောက်ယူအသုံးချနိုင်ကြစေရန် မိမိအတွေ့အကြုံများကို အခြေခံ၍ အကြံပြုရေးသားလိုက်ရပါသည်။

မလျှော့မတင်း စောင်းကြိုးညှင်းသို့

ကျွမ်းကျင်လိမ္မာသည့် စောင်းသမားသည် ကြည်လင်ချိုမြသည့် စောင်းသံကိုရဖို့အတွက် စောင်းကြိုးကိုညှိသည့်အခါ မလျှော့မတင်းညှိ ရပါသည်။ စောင်းကြိုးသည် တင်းလွန်းလျှင် ပြတ်သွားမည်ဖြစ်သလို လျော့လွန်းလျှင်လည်း မည်သို့မျှ နားထောင်၍ကောင်းသည့် သာယာနာပျော်ဖွယ်စောင်းသံ ထွက်လာမည် မဟုတ်ပါ။ ဤသို့နှယ်ပင် ကျွမ်းကျင်သည့်အုပ်ချုပ်ရေးသမားသည် လုပ်ကိုင်ဆောင်ရွက်သည့်အခါ မလျှော့မတင်း စောင်းကြိုးညှင်းသကဲ့သို့ ဆောင်ရွက်ရပါသည်။ တင်းလွန်းလျှင် မိမိ၏လုပ်ဖော်ကိုင်ဖက်များ၊ မိမိ၏လက်အောက်ဝန်ထမ်းများက မည်သူကမျှ မိမိနှင့်အတူတကွလက်တွဲပြီး လုပ်ချင်ကိုင်ချင်ကြမည်မဟုတ်သလို ပြည်သူတွေအနေနှင့်လည်း ကိုယ်က မည်သို့ပင် မှန်ကန်အောင်လုပ်ပေးသည်ဖြစ်စေ အမှန်ဟုယူဆကြမည် မဟုတ်ကြပါ။

မိမိလက်အောက်ဝန်ထမ်းများ၏ သာရေးနာရေးတို့ကို ကူညီလုပ်ကိုင်ဆောင်ရွက်ပေးခြင်း၊ နေထိုင်မကောင်းပါက ဆေးရုံ/ဆေးခန်းပြသပေးခြင်း၊ သားသမီးမွေးဖွားပါက ကူညီဆောင်ရွက်ပေးခြင်း စသည်တို့ကို မိမိစိတ်ရင်းနှင့် လုပ်ကိုင်ပေးဖို့လိုအပ်သလို စည်းကမ်းဖောက်ဖျက်ပါကလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျနှင့် မျှမျှတတ အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါသည်။ ပြည်သူတွေ စည်းကမ်းဥပဒေချိုးဖောက်၍ အရေးယူသည့်အခါတွင်လည်း တရားဥပဒေကို နားလည်သဘောပေါက်အောင် အသေအချာရှင်းပြပြီး ဥပဒေအရ မလွှဲသာမရှောင်သာ အရေးယူရခြင်းဖြစ်ကြောင်းကိုလည်း နားလည်သဘောပေါက်အောင် ပြောပြဖို့်လိုအပ်ပါသည်။

မိမိနှင့်အဆင့်တူ အခြားဌာနအကြီးအကဲများနှင့်ပတ်သက်၍ ၎င်းတို့၏ လုပ်ငန်းသဘာဝကို နားလည်သိရှိထားဖို့ လိုအပ်ပါသည်။ တရားခွင်တွင် ရုံးထိုင်နေသည့် ဥပဒေအရာရှိ၊ တရားသူကြီး စသူတို့ကို တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး အစည်းအဝေးအတွက် အမြန်လာပါဟုဆိုကာ လှမ်းခေါ်ခြင်းမျိုး၊ ခွဲစိတ်ခန်းဝင်နေသည့် ဆရာဝန်ကြီးကို အရေးပေါ်အစည်းအဝေးသို့ ယခုချက်ချင်းလာပါဟူ၍ လှမ်းခေါ်ခြင်းမျိုး၊ စာမေးပွဲနီးကပ် နေသည့်အချိန်ကာလတွင် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများကို အခြားတာဝန်များပေးအပ်ခြင်းမျိုး စသည်တို့သည် ဌာနဆိုင်ရာအကြီးအကဲ ဝန်ထမ်းအချင်းချင်း နားလည်မှုလွဲမှားပြီး မိမိအပေါ် အကြည်ညို ပျက်စေသည့်အပြုအမူများဖြစ်ပါသည်။

ဆိုင်းဆရာအလား ပမာထား

မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် သီဆိုတီးမှုတ်ဖျော်ဖြေကြသည်ကို မြင်ဖူး၊ ကြားဖူးကြမည် ဖြစ်ပါသည်။ ဆိုင်းဝိုင်းကြီး၏အလယ်တွင် ထိုင်၍တီးခတ်နေသည့် ဆိုင်းဆရာသည် ဆိုင်းဝိုင်းကြီးတစ်ခုလုံး၏ ဦးစီးခေါင်းဆောင်လည်း ဖြစ်ပါသည်။ သူသည် နှဲကိုမှုတ်ချင်မှလည်း မှုတ်တတ်ပါမည်။ ပတ္တလားကိုလည်း တီးတတ်ချင်မှတီးတတ်ပါမည်။ သို့သော် သူသည် ဂီတပညာကို ကျွမ်းကျင်လိမ္မာသူဖြစ်ပြီး အသံသဘောကို ကောင်းစွာသိရှိနားလည်သူဖြစ်သည့်အတွက် တီးဝိုင်းကြီးမှနေ၍ သံစဉ်ညီညာဂီတသံ ထွက်ပေါ်လာဖို့အတွက် တူရိယာပစ္စည်းတစ်ခုချင်း၏ တီးခတ်မှုကို အပေးအယူမျှတစွာ ထိန်းသိမ်းပြီးနားဝင်ပီယံချိုမြသည့် တေးဂီတသံထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်သူဖြစ်ပါသည်။ Orchestra ခေါ် နိုင်ငံခြားသံစုံတီးဝိုင်းကြီးများတွင်လည်း အလားတူပင်ဖြစ်ပါသည်။

မြို့နယ်တစ်ခုတွင် ဌာနဆိုင်ရာအဖွဲ့အစည်း အများအပြားရှိကြသည်။ စိုက်ပျိုးရေးဌာနက စိုက်ပျိုးမြေဧက များများဖော်ပြနိုင်မှ သူမျက်နှာရမှာဖြစ်သည့်အတွက် စိုက်ဧကများလေ၊ အောင်ဧကများလေ၊ အထွက်နှုန်းကောင်းလေ သဘောကျလေဖြစ်ပါသည်။ ယခင်ခေတ်များ၌မူ မစိုက်ဖြစ်သည့်ဧကတွေကို ထည့်၍ပြကြသလို၊ အထွက်နှုန်းကိုလည်း ပိုပြကြသည့်အတွက် စပါးအထွက် မတန်တဆ များကုန်ကြသည်။ ထိုစဉ်က စပါးကို နိုင်ငံတော်က ဝယ်ယူသည့်အတွက် စပါးဝယ်ယူရသည့် ကုန်သွယ်/ လယ်ယာဌာနက စိုက်ဧကတွေများနေပြီး စပါးအထွက်များနေသည်ကို သဘောမကျ။ စပါးတကယ်မထွက်ဘဲနှင့် စာရင်းအရများနေလျှင် စပါးဝယ်၍ မရသည့်အခါ သူတို့မှာ အထုအထောင်းခံရသည်။ ထိုခေတ်က စပါးဝယ်၍မရသည့်အတွက် ပြုတ်သွားသည့် ကုန်သွယ်လယ်ယာမန်နေဂျာတွေ အတော်များသည်။ ထိုအခါ တီးဝိုင်းခေါင်းဆောင်နှင့်တူသည့် အုပ်ချုပ်ရေးမှူးက မြေစာရင်း၊ စိုက်ပျိုးရေးနှင့်ကုန်သွယ်/လယ်ယာ စသည့် ဌာနများကိုခေါ်ပြီး သံစဉ်ညှိရပါသည်။ မဟုတ်လျှင်တော့ တယောသံက တစ်မျိုး၊ ပတ္တလားသံကတစ်သွယ်၊ ဗုံသံကတခြား ဖြစ်နေသည့်အတွက် ခဲနှင့်အပေါက်ခံရမှာ အသေအချာပင်ဖြစ်ပါသည်။

ပန်းချီဆရာနှင့်လည်း တူပါသည်

ပန်းချီဆရာသည် ဆေးရောင်တို့၏ သဘောသဘာဝကို ကောင်းစွာ သိရသည်။ မည်သည့်အရောင်ကို လိုချင်ပါက မည်သည့်အရောင်နှင့် မည်သည့်အရောင်ကို စပ်ရကြောင်း ကောင်းစွာသိရသည်။ အုပ်ချုပ်ရေးမှူးသည် မိမိဝန်ထမ်းများအပါအဝင် အခြားဌာနဆိုင်ရာဝန်ထမ်းများ၏ စိတ်နေသဘောထားနှင့် အမူအကျင့်ကို ကောင်းစွာသိထားရသည်။ လုပ်ငန်းတာဝန်များ ပေးအပ်ပါက စိတ်တူကိုယ်တူ အဆင်ပြေသူချင်းတွဲပေးပါက လုပ်ငန်းများအောင်မြင်၍ အဆင်ပြေသည်။ မော်တော်ကားရှိသည့်ဌာနနှင့် ကားမရှိသည့်ဌာနကို တွဲပေးလျှင် အဆင်ပြေသည်။ ဝန်ထမ်းအင်အားများသည့် ဌာနနှင့် ဝန်ထမ်းအင်အားနည်းသည့်ဌာနကို တွဲပေးပါက အဆင်ပြေသည်။ ဝန်ထမ်းအနည်းငယ်သာရှိသော ဌာနမျိုးကို အခမ်းအနားပြင်သည့်ကိစ္စ တာဝန်ပေးပါက အဆင်ပြေမည်မဟုတ်သလို မော်တော်ကားမရှိသည့်ဌာနကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် တာဝန်ပေးအပ်ပါက အဆင်ပြေမည်မဟုတ်ပါ။

ပန်းချီဆရာသည် ပန်းချီကားတစ်ကားကို ရေးဆွဲသည့်အခါ အနီးကပ်ကြည့်ရှုပြီးရေးဆွဲသလို မိမိပန်းချီကားမှခွာ၍လည်း ခပ်လှမ်းလှမ်းမှ ပြန်ကြည့်ရသည်။ ထိုအခါ မိမိရေးဆွဲသည့်ပန်းချီကား၏ အနီးမြင်ကွင်း၊ အဝေးမြင်ကွင်းကို တွေ့ရှိပြီး လိုအပ်သည်ကို ပြင်ဆင်ဖြည့်စွက်ရသည်။ အုပ်ချုပ်ရေးသမားသည်လည်း မိမိကိုယ်မိမိ ဟုတ်လှပြီ၊ မှန်လှပြီ၊ တော်လှပြီဟူ၍ မိမိလုပ်ကိုင်ဆောင်ရွက်သည်ကို မိမိကိုယ်တိုင် ကျေနပ်နှစ်သိမ့်နေ၍မရဘဲ ပြည်သူက ကျေနပ်လက်ခံခြင်း ရှိ မရှိ၊ ပြည်သူအတွက် အကျိုး ရှိ မရှိ ဝေဖန်ပြောဆိုသံတို့ကို ပြန်၍နားထောင်ရသည်။ လိုအပ်ပါက မိမိ၏ဆောင်ရွက်ချက်တို့ကို အချိန်မီပြန်လည်ပြုပြင်ရသည်။

ဘဝဇာတ်ဆရာအလိုကျ

ဇာတ်စင်ပေါ်တွင် ကပြကြသည့် ဇာတ်သမားတို့သည် လည်းကောင်း၊ ရုပ်ရှင်သရုပ်ဆောင်တို့သည် လည်းကောင်း မိမိစိတ်ထဲ မိမိရင်ထဲ မည်သို့ ပင်ခံစားနေရသည်ဖြစ်စေ၊ ဇာတ်စင်ပေါ်ရောက်လျှင်၊ ကင်မရာရှေ့သို့ရောက်လျှင် ဇာတ်လမ်း၊ ဇာတ်ညွှန်းအရသာ အပူရုပ်ကိုဟန်လုပ်၍ သရုပ်ဆောင်ကြရသည်။

အုပ်ချုပ်ရေးသမားတို့သည်လည်း မိမိ၏ကိုယ်ရေးကိုယ်တာကိစ္စကြောင့် မည်သို့ပင် ပူပင်သောကရောက်နေသည်ဖြစ်စေ၊ ပြည်သူနှင့် ထိတွေ့ဆက်ဆံရသောအခါတွင် ပြုံးရွှင်သောမျက်နှာထား၊ ချိုကြည်သော ကိုယ်နှုတ်အမူအရာတို့ဖြင့်သာ ပြည်သူအပေါ် ဆက်ဆံပြောဆို ပြုမူရသည်။ သို့မဟုတ်ပါက ပြည်သူ၏ ငြိုငြင်မှုကို ခံရမည်ဖြစ်သည်။ ပြည်သူငြိုငြင်ပါက အုပ်ချုပ်ရေးလုပ်ငန်းများ မအောင်မမြင်ဖြစ်ရမည်ဖြစ်သလို၊ အုပ်ချုပ်ရေးသမား၏ဘဝ ကျရှုံးရမည်သာဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်ရေးလုပ်ငန်းသည် အနုပညာဆန်သော အတတ်ပညာတစ်ခုဟူ၍ ဆိုချင်ပါသည်...။

သိန်းထက်အောင်



FOLLOW US