News

POST TAGGED AS

နိုင်ငံရေး

နိုင်ကျဉ်းဟောင်းများ ကူညီပံ့ပိုးရေး မေးခွန်း ရန်ကုန်တိုင်းလွှတ်တော်တွင် အပယ်ခံရ
ရန်ကုန်၊ ဇန်နဝါရီ ၃၀

မပြေလည်သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ မိသားစုဝင်များအတွက် ကူညီထောက်ပံ့မှု ပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးမြန်းထားခြင်းကို ရန်ကုန်တိုင်းလွှတ်တော်က ပယ်ချခဲ့ကြောင်း အဆိုပါမေးခွန်း မေးမြန်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

ဇန်နဝါရီလ ၃၀ ရက်က ပြန်လည်ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အဆိုပါ မေးခွန်းမေးမြန်းရန် တင်ထားခြင်းကို အကြောင်းပြချက်မရှိ ပယ်ချခံလိုက်ရခြင်းဖြစ်ကြောင်း ဦးလှဌေးက ဆက်လက်ပြောကြားသည်။

အဆိုပါ လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်းသုံးခုသာ မေးမြန်းခွင့်ရရှိခဲ့ပြီး စည်ပင်သာယာနှင့် သက်ဆိုင်သည့် မေးခွန်းများသာဖြစ်သည်။

“နိုင်ငံရေး အကျဉ်းသားတွေ၊ မိသားစုတွေ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို ပံ့ပိုးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးတာ။ လွှတ်တော်ဥက္ကဋ္ဌက ဒီမေးခွန်း ခဏနေပါဦးဆိုပြီး ပယ်ချလိုက်တယ်”ဟု ၎င်းက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် လွှတ်တော်တွင် ဆွေးနွေးလိုသည့် အဆိုများ၊ မေးခွန်းများကို လွှတ်တော်ရုံးထံ ကြိုတင်ရမည်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုချက်ရရှိမှသာ လွှတ်တော်တွင် ဆွေးနွေးခွင့်ရှိမည်ဖြစ်သဖြင့် ယခုအဆိုမှာ လွှတ်တော်သို့ ကြိုတင်ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများကို ကူညီထောက်ပံ့နေသည့် အဖွဲ့အစည်းအချို့ ရှိသော်လည်း အစိုးရအနေနှင့် ထောက်ပံ့မှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိပေ။

နိုင်ငံရေးပြစ်မှုများဖြင့် အကျဉ်းထောင်တွင် နှစ်ပေါင်းများစွာ ဖြတ်သန်းပြီးနောက် စိတ်ဒဏ်ရာ ရရှိနေသူများ၊ လူမှုရေးအကူအညီ လိုအပ်နေသူများ၊ ကျန်းမာရေးအကူအညီ လိုအပ်နေသူများနှင့် စီးပွားရေးအဆင်မပြေသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အများအပြားရှိကြောင်း အဆိုပါ နိုင်ငံရေး အကျဉ်းသား ကူညီထောက်ပံ့ရေး အဖွဲ့များထံမှ သိရသည်။  

J-08



FOLLOW US