News

POST TAGGED AS

နိုင်ငံရေး

10-Jan-2018

နိုင်ငံရေး
နားမှာစကား မခါးရအောင်
ကျွန်တော်တို့ကျောင်းအုပ်ဆရာကြီးအဖြစ် ဆောင်ရွက်ခဲ့ဖူးသော နာမည်ကျော်စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က ကျွန်တော်တို့ကို ပြောဖူးသည်မှာ “ကိုယ်က တက္ကသိုလ်ပရိဝုဏ်ထဲမှာ ဟောရပြောရတာ သိပ်သဘောကျတယ်။ ကိုယ်ပြောသမျှကို သူတို့နားလည်တယ်။ သဘောပေါက်တယ်။ ရယ်စရာပြောရင်လည်း ရယ်ကြတယ်။ ရပ်ကွက်ထဲမှာ ပြောရတဲ့အခါကျတော့ တော်တော်အခက်အခဲတွေ့တယ်။ လူတန်းစား ပေါင်းစုံပါလာတဲ့အခါကျတော့ အားလုံးနဲ့အကျုံးဝင်တဲ့ စကားလုံးရှာရတာ၊ ရွေးရတာ တော်တော်ခက်တယ်၊ ကိုယ်ကရယ်စရာပြောပေမယ့်လည်း သူတို့ကမရယ်ကြဘူး။ ဘယ်ရယ်မလဲ သူတို့မှ လက်လှမ်းမမီဘဲကိုး”ဟူ၍ ဖြစ်ပါသည်။

သူပြောသည့်စကား မှန်ပါသည်။ စာရေးဆရာပဲဖြစ်စေ၊ နိုင်ငံရေးသမားပဲဖြစ်စေ ပရိသတ်အများနှင့် ပြောရ၊ ဆိုရ၊ ဟောရသည့်အခါများ ရှိပါသည်။ ထိုအခါမျိုးတွင် မိမိပြောလိုသည့် အကြောင်းအရာ တစ်ခုတည်းကိုသာ အာရုံစိုက်မထားဘဲ မိမိပြောဆိုသည့်စကား၊ မိမိဟောပြောလိုသည့် အကြောင်းအရာကို နားထောင်မည့် ပရိသတ်သည် မည်သည့်အမျိုးအစား၊ မည်သည့် လူတန်းစားဖြစ်သည်ကို သတိထား၍ ပြောကြားကြရမည် ဖြစ်ပါသည်။ တံငါသည်ကို ပင်လယ်အကြောင်းပြောလျှင် စိတ်ဝင်စားမည်ဖြစ်သော်လည်း မျိုးစပါးအကြောင်းပြောလျှင် စိတ်ဝင်စားကြမည်မဟုတ်သလို ဓာတ်မြေဩဇာအကြောင်းပြောလျှင်လည်း နားလည်မည်မဟုတ်ပါ။ ယခုခေတ်အခါတွင် ကမ္ဘာ့တစ်ဖက်ခြမ်းမှ ပြောစကားသည် အခြားတစ်ဖက်ခြမ်းသို့ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ရောက်ရှိသွားသည်ဖြစ်ရာ ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်၏ ပြောစကားအပေါ် တုံ့ပြန်ဝေဖန်သံများ ချက်ချင်း ထွက်ပေါ်လာကြသည်။ ပြည်တွင်းတွင်လည်း အလားတူပင်ဖြစ်သည်။

တိုင်းပြည်ခေါင်းဆောင်တစ်ယောက်၊ နိုင်ငံရေး ရာထူး/တာဝန် ယူထားသူတစ်ယောက်၏ နှုတ်ထွက်မှာကြား ပြောစကားသည် ပြောဆိုသူ၏ စကားမဆုံးမီမှာပင် လူမှုကွန်ရက်များမှတစ်ဆင့် ပြည်သူလူထုထံသို့ ပျံ့နှံ့သွားပြီး အချိန်ပိုင်းအတွင်း ထောက်ခံ၊ ဝေဖန်၊ ပြစ်တင်၊ ပြောဆိုသံများ ပလူပျံကုန်ကြပါတော့သည်။ မကြာမီက နိုင်ငံရေး ရာထူးတာဝန်ယူထားသူတစ်ဦးက ကုန်ဈေးနှုန်းကျဆင်းရန်အတွက် လူတိုင်း ဟင်းတစ်ပွဲလျှော့စားသင့်ကြောင်း ပြောကြားခဲ့သည်ဟူ၍ လူမှုကွန်ရက်နှင့် သတင်းစာများတွင် ဖတ်ရှုလိုက်ရပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် ရှိသည့်အနက် လူမမည်အရွယ်များ၊ အိုမင်းမစွမ်း သက်ကြီးရွယ်အိုအရွယ်များကို ဖယ်လိုက်လျှင် သိလွယ်၊ တတ်လွယ်၊ နားလည်၊ လက်ခံနိုင်သည့်အရွယ်များမှာ သန်း ၃၀ နှင့် ၄၀ အကြားတော့ ရှိမည်ဟုထင်ပါသည်။ ထိုအထဲမှ တစ်ဖန် ဆင်းရဲ/ချမ်းသာ လူတန်းစား ခွဲခြားကြည့်မည်ဆိုပါက အလွန်အမင်း ကြွယ်ဝချမ်းသာသူ၊ အထိုက်အလျောက် ချမ်းသာသူ (လူနေမှုဆင့် အတန်းမြင့်မားသူ)၊ လူလတ်တန်းစား၊ ဆင်းရဲသားနှင့် အလွန်ဆင်းရဲမွဲတေသူဟူ၍ ခွဲခြားနိုင်မည်ဟူ၍ ထင်မြင်ယူဆပါသည်။
 
၎င်းတို့အထဲမှ ချမ်းသာသူ လူတန်းစားနှစ်ရပ်မှာ (အကြောင်းအမျိုးမျိုးဖြင့် ဟိုတယ်နှင့်စားသောက်ဆိုင်များတွင် သွားရောက်စားသောက်ခြင်းမပါ) ပုံမှန်ထမင်းစားသည့်အခါ အနည်းဆုံး ဟင်းပွဲလေး ငါးပွဲလောက်တော့ပါမည်ဟု ထင်ပါသည်။ ၎င်းတို့အတွက်ကတော့ ဟင်းတစ်ပွဲပိုသွားခြင်း၊ လျော့သွားခြင်းသည် မည်သို့မျှအကြောင်းထူးမည် မဟုတ်သလို ကုန်ဈေးနှုန်းတက်ခြင်း၊ ကျခြင်းအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိမည်ဟုမထင်ပါ။ လူလတ်တန်းစားများ အနေနှင့်ကတော့ သာမန်အားဖြင့် ဟင်းနှစ်ပွဲခန့် စားကြမည်ဖြစ်သော်လည်း သားသမီးများလျှင်တော့ ဟင်းတစ်ပွဲခန့်သာ စားနိုင်မည်ဖြစ်သည်။ အဆိုပါမိသားစုများအနေနှင့် တစ်ပတ်လျှင် သုံးလေးရက်ခန့် အသားဟင်းအပါအဝင် ဟင်းနှစ်ပွဲခန့် စားကောင်းစားကြပါမည်။ မိသားစုထဲတွင် ဝန်ထမ်းရှိလျှင်တော့ ထမင်းချိုင့်လေးလှဖို့အတွက် ဟင်းကောင်းလေးတစ်ခွက်တော့ ထည့်ပေးလေ့ရှိကြပါသည်။

မြန်မာနိုင်ငံတွင် ဟင်းတစ်ပွဲကိုပင် အနိုင်နိုင်စားကြသည့် မိသားစုများ အမြောက်အမြားရှိပါသည်။ သူတို့အနေနှင့် ဟင်းတစ်ပွဲလျှော့စားဖို့ထက် နောက်ထပ်ဟင်းတစ်ပွဲတိုး၍ စားချင်သည့် ဆန္ဒသာရှိကြမည်ဖြစ်ပြီး ထိုသို့စားနိုင်အောင်လည်း ကြိုးစားကြမည်ဖြစ်ပါသည်။ မိဘက ခြိုးခြံချွေတာစားသောက်ပြီး သားသမီးကို မဖြစ်ဖြစ်အောင် ကျောင်းထားကြသည်မှာလည်း ထမင်းဝိုင်းတွင် ဟင်းတစ်ခွက်တိုး၍ စားနိုင်ဖို့အတွက် ရည်ရွယ်လိုရင်းဟု ထင်ပါသည်။ ထိုအထဲမှ ပညာကိုဆုံးခန်းတိုင် မသင်ကြားစေနိုင်ဘဲ လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးအလုပ် ဝင်လုပ်ခိုင်းလိုက်ရပြီး ရင်ထုမနာဖြစ်ရသည့် မိဘများ မည်မျှရှိမည်ကို မပြောနိုင်ပါ။

မည်သူကမျှ လက်ရှိအနိုင်နိုင် စားသောက်နေရသော ဟင်းတစ်ပွဲကို ထပ်မံလျှော့ချလိုသော ဆန္ဒရှိကြမည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ တာဝန်ရှိသူ၏ ပြောစကားသည် သူတို့တစ်တွေ၏နားမှာ သကာပျားလိုမချိုဘဲ တမာများလို ခါးနေမည်ဖြစ်ပါသည်။ အကယ်၍သာ အဆိုပါစကားသည် သကာလိုမချိုဘဲ တမာလိုခါးသည်ဆိုစေဦး ပြည်သူတို့အတွက် အကျိုးရှိမည်ဆိုပါကမူ ပြောကြားသင့်သည်သာ ဖြစ်ပါသည်။ မြတ်စွာဘုရားကလည်း ဤသို့ပင် ဟောကြားခဲ့သည် မဟုတ်ပါလား။  ယခုတော့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက်လည်း အထောက်အကူမပြု၊ ဆင်းရဲသားလျော့နည်း ကျဆင်းရေးအတွက်လည်း အထောက်အကူမပြုဘဲ စကားသာ အဖတ်တင်ကျန်ရစ်ပြီး အချိန်ကြာလာသည့်အခါ လေထဲတွင် ပျောက်ကွယ်သွားမည်သာ ဖြစ်ပါသည်။

ဤနေရာတွင် တစ်ခုပြောလိုသည်မှာ စကားတစ်ခွန်းသည် မှန်ကန်သည်၊ ပြောအပ်သည်ဖြစ်သော်လည်း ပြောရမည့်အချိန်အခါကလည်း လိုအပ်သည်ဟု ထင်ပါသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဤအချက်နှင့်ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်သည်ဟု ဆိုရမည်ဖြစ်ပါသည်။ အကယ်စင်စစ် ဗိုလ်ချုပ်၏ ပြောစကားများသည် ကြားရသူများအတွက် နားဝင်မချိုလှပါ။ သို့ရာတွင် ပြောသင့်ပြောအပ်သော အချိန်တွင် ပြောကြားသည်ဖြစ်၍ ပြည်သူတို့က လက်ခံကြပါသည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် မိအေးနှစ်ခါနာဖြစ်ခဲ့ရသည့် မြန်မာပြည်အား (စစ်ပြီးစ အင်္ဂလန်၊ ရုရှားနိုင်ငံများနှင့် နှိုင်းယှဉ်၍) ဗိုလ်ချုပ်က ပြောခဲ့သည်မှာ “တစ်နိုင်ငံလုံးအခြေအနေတွေကို ကြည့်ပြီးတော့ တစ်တိုင်းတစ်ပြည်လုံး ကောင်းဖို့၊ အမြဲတမ်းကောင်းဖို့ကို လုပ်ရတာဖြစ်တဲ့အတွက် လူတွေဟာ စားချင်တိုင်း ပထမ မစားရဘူး၊ ဝတ်ချင်တိုင်း မဝတ်ရဘူး၊ နေချင်တိုင်း မနေရဘူး၊ အဲဒီလိုဖြစ်ရတယ်၊ ဒီတော့ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်လည်ထူထောင်ကြမယ် ဆိုလို့ရှိရင်လည်း (National Planning) ခေါ်တဲ့ အဲဒီ စီမံကိန်းမျိုးတွေမလုပ်ဘဲနဲ့ ဘယ်နည်းနဲ့မှ ကျွန်တော်တို့ တိုင်းပြည်ဟာ မကြီးပွားနိုင်ဘူး၊ မထူထောင်နိုင်ဘူးဆိုတာ ခင်ဗျားတို့ သတိရှိစေချင်ပါတယ်”ဟူ၍လည်းကောင်း၊ “ပဒေသာပင်ဟာ မြေကပေါက်လာမှာ မဟုတ်ဘူး၊ ပဒေသာပင် ပေါက်အောင်ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှဖြစ်မယ်၊ လွတ်လပ်ရေးရတဲ့အခါမှာ ကျွန်တော်တို့က စီမံကိန်းအမျိုးမျိုးနဲ့လုပ်တောင်မှ ကျွန်တော်တို့ စကားခပ်ရိုင်းရိုင်းပြောရရင် (စကားခပ်ရိုင်းရိုင်း ပြောရတယ်ဆိုတာက စကားခပ်ရိုင်းရိုင်းပြောမှ လူတွေကမှတ်မိတယ်)၊ အတော့်ကိုပြဲအောင် ကြိုးစားနိုင်မှ၊ လုပ်နိုင်မှ၊ အတော့်ကို ကုန်းလုပ်နိုင်မှ၊ ရုန်းလုပ်နိုင်မှ အနှစ် နှစ်ဆယ်လောက်ရှတဲ့အခါမှာ တော်ကာကျမယ်”ဟူ၍ ဖြစ်ပါသည်။

အထက်ဖော်ပြပါ စကားသည် ပြည်သူတို့အတွက် နားဝင်မချိုလှပါ။ အချို့သောသူတို့အတွက် ခါးချင်ခါးနေပါမည်။ သို့သော်လည်း စစ်ပြီးစ အဘက်ဘက်မှ ယိုယွင်းပျက်စီးနေချိန်၊ ပြာပုံဘဝရောက်နေသည့် အချိန်၊ ဆင်းရဲချမ်းသာမကွာဟဘဲ လူတန်းစားညီမျှနေသည့် အချိန်မျိုးတွင် အချိန်ကိုက်၊ အခါကိုက်ပြောကြားခဲ့သည့်အတွက် ယင်းစကားကို ပြည်သူအားလုံးက လက်ခံကြပြီး သမိုင်းဝင် စကားတစ်ခွန်းအဖြစ် ယနေ့တိုင် ကိုးကားသုံးစွဲနေရခြင်း ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတော်၏ အဆင့်အသီးသီးတွင် တာဝန်ယူ ဆောင်ရွက်နေကြသူများအနေနှင့် ပြောသင့်ပြောအပ်သောစကား၊ မပြောသင့် မပြောအပ်သော စကားတို့ကို ခွဲခြားသိရှိနိုင်ရမည် ဖြစ်သလို၊ ပြောသင့်ပြောအပ်သော စကားပင်ဖြစ်သော်လည်း ပြောရမည့်အချိန်အခါ ဟုတ်မဟုတ်ကို စဉ်းစားချင့်ချိန်ဖို့ လိုအပ်ပါသည်။ ထို့အပြင် မည်သည့်အခမ်းအနား၊ မည်သည့်လူတန်းစားကိုပင် ပြောဆိုသည်ဖြစ်စေ ယနေ့လိုနည်းပညာခေတ်တွင် လူတန်းစားအသီးသီးထံသို့ အချိန်အနည်းငယ်အတွင်း ပျံ့နှံ့ရောက်ရှိသွားနိုင်သည်ဖြစ်ရာ သတိကြီးစွာထား၍ ပြောကြားသင့်ပါသည်။

ဆိုရလျှင် နိုင်ငံရေး ရာထူးရှိသူ၊ နိုင်ငံရေး တာဝန်ယူထားသူတစ်ဦးအနေနှင့် ပြောကြားသင့်သောစကားမှာ “မိမိတို့နိုင်ငံတွင် ထုတ်ကုန်ထက် သွင်းကုန်ပမာဏ များပြားလျက်ရှိနေပြီး ဘတ်ဂျက် (ရသုံးမှန်းခြေ ငွေစာရင်း) လိုငွေပြလျက်ရှိကြောင်း၊ အထွေထွေကုန်ဈေးနှုန်း မြင့်တက်လျက်ရှိသည့်အတွက် နိုင်ငံတော်အပိုင်းအနေနှင့် စီးပွားရေးလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိအောင် လိုအပ်သည်များကို ဖြေလျှော့ပေးလျက် ရှိပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ယခုထက် ပိုမိုဝင်ရောက်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတို့ကို အသစ်ပြန်လည်ပြဋ္ဌာန်းပေးပြီးဖြစ်ပါကြောင်း၊ ပြည်သူများအနေနှင့်လည်း နိုင်ငံတော်အစိုးရကို ကူညီသည့်အနေနှင့် မိမိအမှန်တကယ် လိုအပ်သည့် ပစ္စည်းများမှအပ အပိုပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်းမပြုရန်နှင့် ဝင်ငွေနည်းပါးသော မိသားစုများအနေနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်/ဟင်းလျာများကိုသာ စားသုံးသင့်ကြပြီး ကျန်းမာရေးနှင့် မညီညွတ်သော အဆီ/အသားတို့ကို များစွာစားသောက်ခြင်းမှ ရှောင်ကြဉ်ကြခြင်းဖြင့် ကုန်ဈေးနှုန်းကျဆင်းစေရန် တစ်ဖက်တစ်လမ်းမှ ကူည်ီရာကျမည်ဖြစ်ပါကြောင်း” စသည်ဖြင့် ပြောဆိုသင့်ပါသည်။

ဤကဲ့သို့ ပြောဆိုမည်ဆိုပါက အင်းဝဘုရင် ဒုတိယမင်းခေါင်လက်ထက်တွင် အသျှင်မဟာရဋ္ဌသာရ စပ်ဆိုရေးသားတော်မူသည့် အောက်ဖော်ပြပါ ဆုံးမစာနှင့် ညီညွတ်မည်ဖြစ်ကာ ပြည်သူတို့ကလည်း လိုလားနှစ်သက်စွာ လက်ခံလိုက်နာဆောင်ရွက်ကြမည် ဖြစ်ပါသည်...

“တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ...”။

သိန်းထက်အောင်



FOLLOW US