News

POST TAGGED AS

နိုင်ငံရေး

နေပြည်တော်၏ နိုင်ငံရေး အပြောင်းအလဲကာလနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး အပိုင်း (၇)
၅။ နိဂုံးချုပ်

တရုတ်ပြည်၏ ဒေသဆိုင်ရာ သံတမန်ဆက်ဆံရေးတွင် မဟာဗျူဟာကျသည့် မြန်မာ့အနေအထားမှာ နှစ်နိုင်ငံလုံး၏ နိုင်ငံခြားဆက်ဆံရေးကဏ္ဍ၌ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စံနမူနာအဖြစ် အမြဲရှိနေခဲ့ပါသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် မတ်လ အထိကြာမြင့်ခဲ့သည့် အလွန်ရင်းနှီးသော ဆက်ဆက်ဆံရေးနောက်ပိုင်း မြန်မာပြည်တွင် ယခုဆက်လက်ဖော်ဆောင်နေသည့် နိုင်ငံရေးပြုပြင် ပြောင်းလဲရေးက တရုတ်ပြည်၏ နိုင်ငံခြားရေးပေါ်လစီအပေါ် ကန့်သတ်ချက်အသစ်များ ချမှတ်ခဲ့ပြီး တရုတ်-မြန်မာဆက်ဆံရေးကို ထိခိုက်ပျက်စီးစေခဲ့သည်။ တရုတ်ပြည်က ကျောထောက်နောက်ခံပြုထားသည့် မြစ်ဆုံ ဆည်စီမံကိန်းကို ဒေသဆိုင်ရာပြည်သူလူထု၏ မကျေမနပ်ချက်များကြောင့် ရပ်ဆိုင်းရန် သမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်က တရုတ်မဟာဗျူဟာနှင့် စီးပွားရေးအကျိုးအမြတ်များ လောင်းကြေးထပ်ထားသော မြန်မာနိုင်ငံတွင် အစိုးရမဟုတ်သော အင်အားစုကို လျစ်လျူရှုရန် မဖြစ်နိုင်တော့ကြောင်း ပီကင်းကို ထင်ထင်ရှားရှား မီးမောင်းထိုးပြလိုက်လေသည်။ နှစ်နိုင်ငံတို့၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမှ မြစ်ဖျားခံလာပြီး အောက်ခြေလူတန်းစား လူ့အလွှာအသီးသီးသို့ ဖြန့်ကြက်သက်ရောက်သွားသည့် ခေါ်ဆိုလေ့ရှိသော “အပြန်အလှန် အကျိုးရှိရေး” ဆိုသည်ကို သေချာစေရန် နိုင်ငံ၏ လူ့အလွှာအသီးသီးရှိ သက်ဆိုင်ရာအုပ်စုများကို ထည့်သွင်းတွက်ချက်ရန်လိုကြောင်း မြန်မာနှင့်ဖြစ်သည့်ကိစ္စမှ တရုတ်အနေနှင့် ပို၍ပို၍သင်ခန်းစာရခဲ့သည်။ မြန်မာနိုင်ငံရှိ သူ၏စီမံကိန်းကြီးများ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ခံလာရသည်ကို အလေ့အကျင့်ရလာသော ပီကင်းအနေနှင့် ပထမအချက်အားဖြင့် ယခင်စစ်အုပ်စုကို ထောက်ခံအားပေးခဲ့ခြင်းအပေါ်နှင့် ဒုတိယအားဖြင့် မြန်မာအုပ်ချုပ်သူများကို ဆန့်ကျင်ခြင်းမပြုဘဲ ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို အနှောင့်အယှက်ပေးသည့် ပေါက်ကွဲမှုများကို ဖြစ်စေသည့် လူထုခံစားချက်ကိုလည်း ပို၍ခံနိုင်ရည်ရှိလာလေသည်။ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးတွင် လတ်တလောဖြစ်ပေါ်နေသော တင်းမာမှုများကို ဖြေရှင်းရာ၌ ပြဿနာအားလုံးအတွက် ကိုက်ညီသည့် တစ်ခုတည်းသောချဉ်းကပ်ပုံစံ  ရှိမည်မဟုတ်သည့်အတွက် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် ဆက်စပ်ပတ်သက်နေသည့် စိန်ခေါ်မှုများကိုဖြေရှင်းသည့် မည်သည့်အနာဂတ် အောင်မြင်မှုမဆို ပီကင်း၏ ပုံမှန်ပေါ်လစီဆိုင်ရာ ပြန်လည်သုံးသပ်မှု လိုအပ်ပေလိမ့်မည်။ ယခုအချိန်အထိပြုလုပ်ခဲ့သော တရုတ်ပေါ်လစီဆိုင်ရာ ပြန်လည်ချိန်ညှိမှု၏ သက်ရောက်မှုကို အဆုံးအဖြတ်ပေးရန် စောလွန်းနေသေးသော်လည်း တရုတ်အစိုးရအရာရှိများရော၊ လုပ်ငန်းရှင်များပါ သူတို့၏ပေါ်လစီများနှင့် လက်တွေ့လုပ်ဆောင် ချက်များကို မြန်မာပြည်ရှိ ၎င်းတို့၏ နိုင်ငံရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များအထိ ကျယ်ပြန့်စေရန် ထိန်းညှိခဲ့ပြီဖြစ်သည်။ ဒေသခံများအကြား တရုတ်ပြည်၏ ပုံရိပ်ကောင်းရလာစေရန် ဆက်သွယ်ဆောင်ရွက်ကြိုးစားကြဖို့ တရုတ်ဗဟိုအစိုးရက မြန်မာအခြေစိုက် တရုတ်သံတမန်များကို ညွှန်ကြားထားသည်။ ထို့ပြင် တရုတ်ကုမ္ပဏီများအားလည်း ဒေသလူထု၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားလိုက်နာကြဖို့အပြင် ဒေသပြည်သူလူထု၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော အစီအစဉ်များကို ဖြန့်ကြက်လုပ်ဆောင်ကြရန် အားပေးတိုက်တွန်းထားသည်။ အဆိုပါ ပေါ်လစီပြင်ဆင်မှုများသည် ပီကင်းက ၎င်း၏ အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးတွင် အလေးထားမှုကိုဖော်ပြပြီး တရုတ်၏ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆက်ဆံရေးကဏ္ဍတွင် ကိုးကားစရာ အဖိုးတန်အချက်အလက်လည်း ဖြစ်ပေသည်။ မြန်မာလူ့ အဖွဲ့အစည်း၏ ကျယ်ပြန့်သောအစိတ်အပိုင်းများဆီသို့ ရောက်ရှိအောင် တရုတ်ပြည်က ယခုကဲ့သို့ ကြိုးပမ်းနေသော်လည်း တရုတ်-မြန်မာဆက်ဆံရေးတွင် ယခင်ကရှိခဲ့သော လင်းလက်တောက်ပသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးမျိုး ပြန်လည်ရရှိရန်မှာ အနာဂတ်ကာလအချိန်တိုအတွင်း မျှော်လင့်နိုင်ဖွယ်မရှိသေးချေ။

၎င်း၏ သံတမန်ဆက်ဆံရေးကို ပြန်လည်ချိန်ညှိရန်  ရည်ရွယ်ချက် အပြည့်အဝဖြင့် ကြိုးပမ်းသော်လည်း ပေါ်လစီများ အစားထိုးပြီးသည်ဖြစ်စေ၊ လက်တွေ့ကျင့်သုံးနေပြီပင်ဖြစ်စေ၊ တိုးတက်မှုကိုပင်ရနေသည်ဖြစ်စေ၊ ပီကင်း၏ ထိန်းချုပ်မှုအောက်တွင် မရှိနိုင်တော့ချေ။ အဆုံးတွင် တရုတ်က မြန်မာနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များသည် မြန်မာက မိမိကိုယ်ကိုယ်ဆောင်ရွက်ချက်များ၏ သက်ရောက်မှုနှင့်စာလျှင်  အသေးအဖွဲ့သာဖြစ်ပါလိမ့်မည်။ စင်စစ်တွင် တရုတ်ပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ လစ်ဘရယ်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပြုရန် အနောက်တိုင်း၏ ဖိအားများမပါဘဲ နိုင်ငံရေးအထက်လွှာများကိုယ်တိုင်က ၎င်းတို့၏ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အစွမ်းကုန် ဦးစားပေးခဲ့ကြသည့် ဖြစ်စဉ်အတွင်းမှ ဖြစ်ပေါ်လာခဲ့လေရာ ထိုသို့သော အောင်မြင်မှုမျိုးမှာ အာဏာပိုင်မဟုတ်သော (ပါတီစုံဒီမိုကရေစီကျင့်သုံးသော) လူ့အဖွဲ့အစည်းများအတွက် အမှန်တရားမဖြစ်နိုင်ပေ။ အခြားစကားလုံးဖြင့်ဆိုရလျှင် နေပြည်တော်က အမှန်တကယ်ပြောင်းလဲချင်သည့် နိုင်ငံ၏ပုံရိပ်က တရုတ်ပြည်၏ ပေါ်လစီရွေးချယ်ပိုင်ခွင့်များကို ကန့်သတ်မည်ဖြစ်သလို ပီကင်းက ချမှတ်နိုင်ဖွယ်ရှိသည့် အနေအထားကိုလည်း အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ စတင်ခါစ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်စဉ်သည် ဆက်လက်ချီတက်ရန် ခွင့်ပြုခံရပါက နောင်တက်လာမည့်အစိုးရသည် တရုတ်ပြည်၏ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုကို လိုလားမှုနည်းပါးပေလိမ့်မည်။ မကြာသေးမီက နှစ်နိုင်ငံလုံးအနေနှင့် တရုတ်နှင့် မြန်မာအကြား ကျယ်ပြန့်သော မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဖြစ်မှုကို ရေတိုနှင့် ရေလတ်ကာလအတွင်း အဆင့်မြှင့်တင်ရန် ကတိကဝတ်များ ပြုခဲ့ကြသည့်အတွက် နောက်တက်လာမည့် မြန်မာအစိုးရသစ်၏ ပေါ်လစီများသည် တရုတ်ပြည်၏ အမျိုးသားအကျိုးစီးပွားကို သက်ရောက်မှုဖြစ်လောက်အောင် ပြောင်းပြန်လှန်ပစ်မည် မထင်ပေ။ ပီကင်းအနေနှင့် သူ၏ပေါ်လစီပြန်လည်ချိန်ညှိမှုက ထွက်ပေါ်လာမည့် ရလဒ်များကို ကြိုတင်တွက်ဆထားနိုင်လျှင် ထားနိုင်သလောက် သူအမှန်တကယ်တတ်နိုင်သမျှမှာ နေပြည်တော်၏ တဖြည်းဖြည်းပြောင်းလဲလာသည့် ဖြစ်စဉ်နှင့် အမီလိုက်နိုင်ရန် ကြိုးစားခြင်းသာ ဖြစ်ပေတော့သည်။

(လီချန်ယန်းသည် ဒေါက်တာဘွဲ့ အကြံပေးပါမောက္ခတစ်ယောက်ဖြစ်ပြီး ယူနန်တက္ကသိုလ် လူမှုရေးနှင့် လူသားသိပ္ပံသုတေသနကိစ္စများဆိုင်ရာရုံး၏ ဒုတိယတာဝန်ခံဖြစ်သည်။ ထို့ပြင် တရုတ်ပြည်၏ အရှေ့တောင်အာရှ လေ့လာရေးအဖွဲ့အစည်း ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်ပြီး တရုတ်ပြည် နိုင်ငံတကာချစ်ကြည်ရေးအဖွဲ့အစည်း၏ ကောင်စီဝင်လည်းဖြစ်သည်။ ဒေါက်တာလီသည် PLA နိုင်ငံခြားဘာသာတက္ကသိုလ် တွင်မြန်မာစာဖြင့် B.A ဘွဲ့ကို ရရှိခဲ့ပြီး၊ ပီကင်းတက္ကသိုလ်တွင် မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှုတို့ဖြင့် M.A ဘွဲ့နှင့် ဒေါက်တာဘွဲ့ကို ယူနန် တက္ကသိုလ်မှ ရရှိခဲ့သည်။ ၂၀ဝ၂ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်ကြားကာလတွင် ယူနန်တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးအင်စတီကျု၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀ဝ၇ ခုနှစ်တွင် ပါမောက္ခအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရသည်။ ၂၀ဝ၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် စင်ကာပူ အမျိုး သားတက္ကသိုလ် (NUS) အရှေ့အာရှအင်စတီကျု၏ ဧည့်သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူက မြန်မာနိုင်ငံအကြောင်း၊ အရှေ့တောင်အာရှ၏ နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအကြောင်း၊ တရုတ်ပြည်၏ အနောက်တောင်ဘက်ပြည်နယ်များနှင့် ၎င်းတို့၏အိမ်နီးချင်း တိုင်းပြည်များအကြား ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအကြောင်းများကို လေ့လာသုတေသနပြုခဲ့သည်။ ပါမောက္ခလီချန်ယန်းသည် တရုတ်ဘာသာ အင်္ဂလိပ်ဘာသာတို့ဖြင့် စာအုပ် ၂၀ကျော်နှင့် ဂျာနယ်ဆောင်းပါး ၁၅၀ကျော် ရေးသားပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။

ဂျိမ်းချားသည် S. Rajaratnam နိုင်ငံတကာလေ့လာရေးတက္ကသိုလ်မှ တရုတ်ပြည်ဆိုင်ရာကို လေ့လာသည့် သုတေသနမှူးဖြစ်ပါသည်။ သူသည် နန်ယန်နည်းပညာတက္ကသိုလ်မှ စာပေနှင့် ဒစ်ဖရင်ရှယ်ထရိမင့်  ဘာသာရပ်ဖြင့် B.A ဘွဲ့ရခဲ့သည့်အပြင် သင်ကြားရေး လက်တွေ့ဘာသာရပ်တွင် ဂုဏ်ထူးရခဲ့သူဖြစ်သည်။ ထို့ပြင် နန်ယန်နည်းပညာတက္ကသိုလ်၊ M.A တန်းတက်ရာတွင် မျက်မှောက်ခေတ် တရုတ်ပြည်အကြောင်း ဘာသာရပ်ဖြင့် ပထမဆုံးအပတ် “ဝုန်ဝေလင်း” စကောလားရှစ်ကို လက်ခံရရှိခဲ့သူဖြစ်သည်။)

ရဲထွန်း (သီပေါ)

(China-Myanmar relations since Naypyidaw’s political transition : How Bejing can balance short-term interest and long-term values) by Li Chenyang and James Char ကို ဘာသာပြန်ဆိုပါသည်။



FOLLOW US