News

POST TAGGED AS

နိုင်ငံသား

တရုတ်အတွက် သင်းခွေချပ်ဈေးကွက်

ကျော်ဗလ

တောရိုင်းတိရစ္ဆာန်များကို နိုင်ငံတိုင်းလိုလိုတွင် သူ့နည်းသူ့ဟန်များဖြင့် အကာအကွယ်ပေးထားတတ်သည်။ တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများကိုလည်း ဥပဒေများဖြင့် တားဆီးပိတ်ပင်ပေးထားလေ့ရှိသည်။ သို့သော် လွန်ခဲ့သော ဆယ်စုတစ်စုအတွင်း သန်းပေါင်းများစွာသော နို့တိုက်သတ္တဝါများသည် တရားမဝင် ကုန်ကူးရောင်းဝယ်ခြင်း ခံနေခဲ့ရသည်။ တောရိုင်းတိရစ္ဆာန်များသည် အသား၊ အရိုး၊ အရေပြား၊ အစွယ်တို့အတွက် ဖမ်းဆီးသတ်ဖြတ်ခြင်းများ ခံနေရရှာသည်။

Global Ecology and Conservation ဂျာနယ်တွင် ဖော်ပြချက်အရ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ခြင်းခံနေရသော အကောင်များမှာ သင်းခွေချပ်များဖြစ်သည်။ နှစ်ပေါင်းများစွာပင် မြန်မာနိုင်ငံဘက်မှ သင်းခွေချပ်များသည် တရုတ်နိုင်ငံအတွင်းသို့ နည်းလမ်းပေါင်းမျိုးစုံဖြင့် ဝင်ရောက်နေခဲ့သည်။

သင်းခွေချပ်ကို တရုတ်တို့သာမက ဗီယက်နမ်တွေကလည်း အလွန်မက်မောကြသည်။ သင်းခွေချပ် အကြေးခွံကို တိုင်းရင်းဆေးများ ဖော်စပ်ရာတွင် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးအဖြစ် အသုံးပြုနေကြသည်။ သင်းခွေချပ်တစ်ကိုယ်လုံးသည် ဆေးဖက်ဝင်သည်ဟု တရုတ်တို့က အစဉ်အလာအားဖြင့် ယူဆလာခဲ့သောကြောင့် ဆေးဖော်ရန်နှင့် စားသုံးရန်အတွက် သင်းခွေချပ်သည် ဈေးကွက်ဝင် တိရစ္ဆာန်တစ်မျိုးဖြစ်လာရသည်။

သင်းခွေချပ်သည် နာဖျားရောဂါများ သာမက၊ ဒူလာ၊ နှင်းခူ၊ ကင်ဆာနှင့် ပန်းသေရောဂါများကို ပျောက်ကင်းစေသည်ဟုယူဆပြီး အသားကိုချက် ပြုတ်ရောင်းချနေသည့် ဆိုင်များတွင်လည်း ဈေးကောင်းပေးပြီး စားသောက်နေကြသည့်သူများရှိနေသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်တွင် သင်းခွေချပ်များကို သေတ္တာပေါင်း ၄၁၄ လုံးနှင့် ဖမ်းဆီးရမိခဲ့သည်။ စုစုပေါင်းကောင်ရေ ၂၇၆၄ ကောင်ပါသည်။ ထိုသင်းခွေချပ်များကို အအေးခံကားထဲတွင် အေးခဲလျက်အနေအထားဖြင့် ဖမ်းဆီးမိခြင်းဖြစ်သည်။ တရုတ်စားသောက်ဆိုင်များသို့ တင်ပို့ရန်အတွက် သယ်ဆောင်လာစဉ် ဖမ်းဆီးမိခဲ့သည်။

သင်းခွေချပ်များသည် မိုင်းလားဘက်က လာသည်ဟုဆိုသည်။ ထိုဒေသသည် တရုတ်ယူနန်နယ်စပ်ရှိ အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် သတ်မှတ်ထားသော ဒေသလည်းဖြစ်သည်။ ထိုဒေသသည် လူနည်းစု အုပ်ချုပ်ခွင့်ရဒေသ တစ်ခုအဖြစ်ရပ်တည်နေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ရထားသည်။ ထိုဒေသကို တရုတ်တို့က ဖွံ့ဖြိုးရေးအတွက် အထောက်အကူများပေးထားသည်။ နိုက်ကလပ်၊ ကာစီနိုဝိုင်းများနှင့် ထူးဆန်းသည့် စားသောက်ဖွယ်များ ရနိုင်သော စားသောက်ဆိုင်တွေ လာဖွင့်ထားသည်။ အများစုမှာ တရုတ်ဘက်က ရောက်လာသည့် ဖောက်သည်များအတွက် ရည်စူးပြီး ဖွင့်ထားသောဆိုင်များ၊ လောင်းကစားဝိုင်းများဖြစ်သည်။ Time မဂ္ဂဇင်းက ထိုဒေသကို “ဒုစရိုက်သမားတို့၏ အိုအေစစ်”ဒေသအဖြစ် သတ်မှတ်ခေါ်ဝေါ် သုံးစွဲထားကြောင်းလည်း တွေ့ရသည်။

မိုင်းလားကို မှောင်ခိုတွေစိုးမိုးထားသည်။ တောရိုင်း တိရစ္ဆာန် အကောင်အမျိုးမျိုး၊ အစိတ်အပိုင်းအမျိုးမျိုး လွတ်လပ်စွာ ရောင်းဝယ်နေကြသည်။ ဆင်၊ ကျား၊ ဝက်ဝံ၊ တောဆိတ်၊ ကျားသစ်၊ သင်းခွေချပ် အားလုံးကို ဤနယ်မြေတွင် ရနိုင်သည်။ အာရှ၏ တောရိုင်းတိရစ္ဆာန် ဈေးကွက်တစ်ခုဟူ၍လည်း ဆိုနိုင်သည်။

တောရိုင်းတိရစ္ဆာန်များ တရားမဝင် မှောင်ခိုကူးသန်းသည့် နယ်စပ်ဒေသပေါင်း ငါးခုသည် ယနေ့တိုင်ရှိနေသေးသည်။ သင်းခွေချပ် အများဆုံးထွက်ရာဒေသသည် မြန်မာနိုင်ငံဖြစ်နေသည်။ အာရှ၏ သင်းခွေချပ်မျိုးစိတ် လေးမျိုးရှိသည့်အနက် သုံးမျိုးသည် မြန်မာနိုင်ငံကဖြစ်သည်။ ဆွန်းဒါးနှင့် တရုတ်သင်း ခွေချပ်များကို တရုတ်အရှေ့ပိုင်းဒေသများတွင် တွေ့ရပြီး မျိုးသုဉ်းလုမတတ်ဖြစ်နေပြီ။ အနောက်ပိုင်းတွင်လည်း အိန္ဒိယ သင်းခွေချပ်များမှာ ကုန်သလောက်ဖြစ်နေပြီ။ မိုင်းလားဒေသတွင်ကား မနက်ဈေးဆိုလျှင် ဈေးထဲတွင် သင်းခွေချပ်များကို ရောင်းချနေသည့် ဈေးကွက်ကိုတွေ့နေရသေးသည်။ အကောင်ရှင်များအပြင် အကြေးခွံနှင့် အရေခွံအတိုင်း ရောင်းချနေသူများ ရှိနေသေးသည်။

မြန်မာနိုင်ငံသည် တရုတ်ဘက်သို့ တောရိုင်းတိရစ္ဆာန်များထွက်ရှိရာ တံခါးပေါက်ကြီးတစ်ခုဖြစ်နေသည်။ နယ်စပ်ဒေသရှိ အုပ်ချုပ်မှုအားနည်းသော နေရာများကို အကာအကွယ်ယူပြီး တောရိုင်းတိရစ္ဆာန်များနှင့် သင်းခွေချပ်များကို တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့နေကြသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ သို့သာမက အိမ်နီးချင်းနိုင်ငံများအပြင်၊ အာဖရိကတိုက်သို့ပါ သင်းခွေချပ်များကိုတင်ပို့နေသည့် ကြားခံနိုင်ငံတစ်နိုင်ဖြစ်နေကြောင်း စွပ်စွဲမှုများရှိနေသည်။

၂၀၁၀ မှ ၂၀၁၄ ခုနှစ်အတွင်း မြန်မာအာဏာပိုင်များရော အိမ်နီးချင်းနိုင်ငံများမှ အာဏာပိုင်များပါ ဖမ်းဆီးရမိသည့် သင်းခွေချပ် အကြေးခွံမှာ ၉၅၆၆ ပေါင်နှင့် အရေခွံပေါင်း ၅၁၈ ဖြစ်သည်။ ထိုနှစ်များအတွင်း ဖမ်းဆီးမိသော သင်းခွေချပ်ကောင်ရေ ပေါင်းမှာ ၇၁၀၉ ကောင်ဖြစ်သည်။ အားလုံးလိုလိုမှာ မြန်မာနိုင်ငံက ထွက်လာသည့် သင်းခွေချပ်များဖြစ်သည်ဟု CITES (the Convention on International Trade in Endangered Species) အဖွဲ့၏ ထုတ်ပြန်ချက်တွင်တွေ့ရသည်။

သင်းခွေချပ် အကြေးခွံများကို တရားမဝင် မှောင်ခိုရောင်းဝယ်နေမှုများမှာ တရုတ်နယ်စပ်ဒေသများတွင် ဆိုးရွားလာသည်။ နေ့စဉ် နယ်စပ်ဒေသများတွင် ဖမ်းဆီးသိမ်းဆည်းရမိနေမှုများက သက်သေဖြစ်သည်။ တရားမဝင် မှောင်ခိုယူဆောင်လာမှုများမှာ ၂၀၀၆ နောက်ပိုင်းတွင် ပိုဆိုးလာသည်။ ဈေးကွက်ကြီးတစ်ခု ရှိနေသောကြောင့်သာ မှောင်ခိုကူးသန်းမှုများ ရှိနေခြင်းဖြစ်မည်။ တရုတ်နိုင်ငံတွင် နှစ်သစ်ကူးချိန်နီးပြီဆိုလျှင် တောရိုင်းတိရစ္ဆာန် မှောင်ခိုရောင်းဝယ်မှုများက ပိုဆိုးလာသည်။

တရုတ်နိုင်ငံ၏ သင်းခွေချပ် စားသုံးလိုမှုနှုန်းက အလွန်မြင့်မားသည်။ ဆွစ်ဇာလန်အခြေစိုက် International Union For Conservation of Nature (IUCN) အဖွဲ့၏အဆိုအရ သင်းခွေချပ်များသည် တရားမဝင် တိရစ္ဆာန်များ မှောင်ခိုရောင်းဝယ်ဖောက်ကားနေမှု၏ ၂၀ ရာခိုင်နှုန်းရှိသည်ဟုသိရသည်။ ၂၀၁၄ ခုနှစ်ကတည်းက သေဆုံးခဲ့ရသော သင်းခွေချပ်ပေါင်း တစ်သန်းခန့်ရှိနေပြီဟူ၍လည်း IUCN က ဆိုထားသည်။ ထိုအဖွဲ့သည် ၂၀၁၂ ခုနှစ်ကတည်းက ပညာရှင်ပေါင်း ၁၀၀ ခန့်နှင့် နိုင်ငံပေါင်း ၂၅ နိုင်ငံသို့လှည့်လည်ပြီး သင်းခွေချပ်များကို လေ့လာသုတေသနပြုနေကြသူများဖြစ်သည်။ ထိုအဖွဲ့သည် ၂၀၁၄ ခုနှစ်ကစတင်ပြီး ဖေဖော်ဝါရီလလယ်ကို ကမ္ဘာ့သင်းခွေချပ်နေ့ (World Pangolin Day) အဖြစ် သတ်မှတ်ပြီး သင်းခွေချပ်များကို မသတ်ဖြတ်ရန် စည်းရုံးလှုံ့ဆော်လာခဲ့သည်မှာ ယနေ့တိုင်အောင်ဖြစ်သည်။

သင်းခွေချပ်များကို အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် အများဆုံးတွေ့ရသည်။ အာဖရိကတွင် ယူဂန်ဒါနိုင်ငံသည် အရှေ့အလယ်ပိုင်း အာဖရိကဒေသများသို့ သင်းခွေချပ်အများဆုံး အထောက်အပံ့ပေးနေသည့် နိုင်ငံဖြစ်သည်။ အာရှတွင် တရုတ်နှင့် ဗီယက်နမ်သည် သင်းခွေချပ်အများဆုံး မှောင်ခိုရောင်းဝယ်နေသည့် နိုင်ငံများဖြစ်သည်။ ထိုနှစ်နိုင်ငံတွင် သင်းခွေချပ် အကြေးခွံမှာ တန်ဖိုးထားသည့် ပစ္စည်းတစ်မျိုးဖြစ်နေပြီး ဆေးဝါးအတွက် သုံးစွဲနေကြခြင်းဖြစ်သည်။ ထို့ပြင် သင်းခွေချပ်အသားကလည်း ဟိုတယ်ကြီးများတွင် ဇိမ်ခံစားသောက်ရသော တန်ဖိုးကြီး အစားအစာတစ်ခုအဖြစ် သတ်မှတ်ထားပြီး စားသုံးစရာဖြစ်နေသည်။

Global Ecology and Conservation တွင် ၂၀၁၀မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် သင်းခွေချပ်များ ဖမ်းဆီးရမိမှုပေါင်း ၂၉ မှုရှိသည်ဟုဆိုသည်။ အများဆုံး ဖမ်းဆီးရမိမှုမှာ သထုံတွင်ဖြစ်သည်။ သင်းခွေချပ် ၄၇ ကောင် သယ်ဆောင်လာစဉ် မိသည်။ ရှမ်းပြည်နယ်ဘက်၊ ထိုင်းမြန်မာနယ်စပ်တွင်လည်း ဖမ်းဆီးရမိမှုများ ရှိနေသည်။ ထိုကာလများအတွင်း အကောင်အရှင် ၂၂၀ နှင့် အကြေးခွံပေါင်း ၁၆၀၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိသည်။ အားလုံးသည် တရုတ်ဈေးကွက်ကိုပို့ရန် ဦးတည်ထားသည့် ပစ္စည်းများဖြစ်သည်။

တရုတ်နိုင်ငံကလည်း တောရိုင်းတိရစ္ဆာန် မှောင်ခိုတင်သွင်းမှုများကို ဖမ်းဆီးအရေးယူမှုများရှိသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ဗီယက်နမ်တွင်လည်း တောရိုင်းတိရစ္ဆာန်များကို တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းပြုပါက ထောင်ဒဏ် ၇ နှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်သည့်ဥပဒေများကို သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ သို့သော် သင်းခွေချပ်များမှာ ဆေးဖက်ဝင်သည်ဆိုသည့် တရုတ်တို့အစွဲကို မည်သို့မျှမချွတ်နိုင်လျှင် သင်းခွေချပ်များ၏ အနာဂတ်မှာ မျိုးသုဉ်းပျောက်ကွယ်ရန်သာ ရှိတော့သည်။

မတ်လ ၂၂ ရက်နေ့က AFP သတင်းတွင် သင်းခွေချပ်များအပေါ် နိုင်ငံတကာအဆင့်ဖြင့် တားဆီးပိတ်ပင်သင့်ကြောင်း သတင်းပါလာသည်။ ဟောင်ကောင်ဈေးကွက်တွင် သင်းခွေချပ်အကြေးခွံ ၄၀ ဂရမ်လျှင် ၁၀၈ ဒေါ်လာခန့်အထိ ဈေးပေါက်နေသည်။ အကြေးခွံများကို ပြုတ်သောက်ခြင်း ကြော်စားခြင်းများဖြင့် အဆိပ်အတောက် ဖယ်ရှားနိုင်သည်ဟုယုံကြည်ပြီး စားသုံးနေကြခြင်းဖြစ်သည်။ သင်းခွေချပ်အကြေးခွံသည် မှောင်ခိုဈေးကွက်တွင် တစ်ကီလိုဂရမ်လျှင် ဒေါ်လာ ၃၀၀၀ အထိပေါက်သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဝမ်သုံလန်ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ရဲများဝင်စီးသည်။ ထိုစားသောက်ဆိုင်သည် တရုတ်ကမ္ဘာလှည့်ခရီးသည်များ အများဆုံး လာရောက်စားသောက်ကြသည့် ဆိုင်ကြီးတစ်ဆိုင်လည်း ဖြစ်သည်။ ထိုဆိုင်တွင် ခုတ်ဖြတ်ထားသည့် သင်းခွေချပ်အပိုင်းပေါင်းများစွာကို သိမ်းဆည်းရမိခဲ့သည်။ တရုတ်တွေက ကမ္ဘာပတ်၍ပင် သင်းခွေချပ်စားသုံးခြင်းကို မက်မောခုံမင်စွာ လုပ်ဆောင်နေသလို၊ ထိုင်းနိုင်ငံကလည်း ဈေးကွက်တစ်ခုကိုဖွင့်ပေးပြီး မက်လုံးပေးစွဲဆောင်လျက်ရှိသည်။

ယခုအခါ တရုတ်နိုင်ငံတွင်ပင် သင်းခွေချပ်ပေါင်း ၂၀၀၀၀ ခန့်သာကျန်တော့သည်ဟုဆိုသည်။ ထို့ကြောင့် တရုတ်အစိုးရကလည်း သင်းခွေချပ်များကို မွေးမြူထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်နေရသည်။ ကမ္ဘာပေါ်တွင် သင်းခွေချပ်မျိုးနွယ်ပေါင်း ၈ မျိုးရှိသည်။ အာရှမျိုးစိတ် ၄ မျိုးနှင့် အာဖရိကမျိုးစိတ် ၄ မျိုးသာ ကျန်တော့သည်။ International Union for the Conservation of Nature (IUCN) အဆိုအရ တရုတ်နှင့် ဆွန်းဒါး သင်းခွေချပ်တွေက မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသည်။ အိန္ဒိယနှင့် ဖိလစ်ပိုင် သင်ခွေချပ်တွေလည်း စိုးရိမ်ရသည့် အနေအထားတွင်ရှိသည်။

တရုတ်နိုင်ငံတွင် သင်းခွေချပ် တစ်ပန်းကန်စာကို ယွမ် ၁၄၀၀ (ဒေါ်လာ ၂၁၀) ခန့်ပေးကာ စားသုံးကြသည်။ ကန်တုံစားသောက်ဆိုင်ကြီးများတွင် ဟင်းလျာအဖြစ်ရောင်းသည်။ အကြေးခွံမှာ တစ်ကီလိုဂရမ်ကို ဒေါ်လာ ၄၂၀ မှ ၆၀၀ အထိ ဝယ်ယူသုံးစွဲနေကြသည်။ တရုတ်တိုင်းရင်းဆေးဆိုင်တိုင်းတွင် သင်းခွေချပ် အစိတ်အပိုင်းများသည် မရှိမဖြစ် ဆေးဝါးများဖြစ်နေသည်။ တိုးတိုးတိတ်တိတ်မေးနိုင်လျှင် အေးခဲ သင်းခွေချပ် အသားများအထိ ရနိုင်သည်။ ယခုခေတ်က မှာရသည့်ကိစ္စ အလွန်လွယ်သည်။ အွန်လိုင်းပေါ်တွင် အချိတ်အဆက်တွေရှိသည်။ အွန်လိုင်းပေါ်က မှာလိုက်လျှင်လည်း အိမ်တိုင်ရာရောက်လာပို့ပေးသူတွေက ရှိနေသည်။ အွန်လိုင်းပေါ်တွင် တိုးတိုးသားတွေကို ရောင်းချနေသည် အစုအဖွဲ့တွေကလည်း သူ့နည်းသူ့ဟန်ဖြင့် ရပ်တည်နေကြသည်။

မြန်မာနိုင်ငံဘက်က တရုတ်နိုင်ငံဘက်သို့ သင်းခွေချပ်တွေ တင်ပို့နေမှုများ ရှိနေသည်။ နယ်စပ်တွင် သင်းခွေချပ်တစ်ကောင်ဈေးနှုန်းမှာ ၁၅ ဒေါ်လာခန့်သာရှိသည်။ တရုတ်နိုင်ငံသို့ရောက်သွားလျှင် သင်းခွေချပ် တစ်ကောင်က ဒေါ်လာ ၂၂၅၀ မှ ၃၀၀၀ ခန့်အထိ တန်ကြေးက မြင့်တက်သွားသည်။ ထို့ကြောင့် သင်းခွေချပ်များမှာ မျိုးသုဉ်းလုနီးပါး အမဲလိုက်ခြင်းကို ခံနေကြရရှာသည်။

အရှေ့တောင်အာရှသည် တရုတ်သို့ သင်းခွေချပ်မှောင်ခိုတင်ပို့ရန်အတွက် ဂိတ်ပေါက်များဖြစ်သည်။ တရုတ်တို့၏ စားသုံးလိုမှုနှင့် ဈေးကွက်လိုအပ်ချက် မြင့်တက်နေမှုများကြောင့် သင်းခွေချပ်ဈေးကွက်မှာ မြင့်တက်ပြီးရင်း မြင့်တက်နေသည်။ ဥပဒေက မည်သို့ တားဆီးပိတ်ပင်ထားသည်ဆိုသည် ချောင်သည့်ဘက်က ရသည့်နည်းနှင့်ထွက်ပြီး ဖမ်းလေ ဈေးမြင့်လေ ဖြစ်ကာ သင်းခွေချပ်တို့အရေးမှာ စိတ်မအေးဖွယ်ရာ ဖြစ်တော့သည်။

(Ref: Asia Times, Research Gate, RFA, Global Ecology and Conservation, National Geographic)



FOLLOW US