News

POST TAGGED AS

နိုင်ငံသား

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာခြောက်ဘီလီယံကျော် ဝင်ရောက်
ရန်ကုန်၊ မတ် ၂၂

၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းသို့ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ဌာနအနေနဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို ဒေါ်လာ ခြောက်ဘီလီယံပဲဝင် မယ်လို့ လျာထားပေမယ့် အခုဆို လျာထားချက်ထက် ၁၁၅ သန်းကျော် ပိုဝင်လာခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်အထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင်ရောက်သည့် လုပ်ငန်းပေါင်းမှာ ၂၂၂ ခုရှိပြီး စင်ကာပူနိုင်ငံမှ အများဆုံး ရင်းနှီးမြှုပ်နှံထားကာ စက်မှုလုပ်ငန်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်၍ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံမှု လုံးဝ ဝင်ရောက်ခြင်း မရှိကြောင်း ၎င်းကပြောဆိုသည်။

ယခင်လပိုင်းများက ပဋိပက္ခဖြစ်ပွားခဲ့သည့် ရခိုင်အရေးကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် လျော့ကျသွားမည်ဟု ခန့်မှန်းပြောဆိုကြသော်လည်း လက်တွေ့တွင် ကျဆင်းခြင်းမရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယခုအစိုးရသက်တမ်းအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော် ရှိသော်လည်း အနောက်ဥရောပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုသည် သိသိသာသာ ဝင်ရောက်ခြင်း မရှိသေးကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုသည်။

“ဒီအစိုးရ တက်လာတည်းက အမေရိကန်က ဆန်ရှင်ဖြေလျှော့မှုတွေ လုပ်ပေးခဲ့တယ်။ ဒါပေမဲ့လည်း လုပ်ငန်းရှင်တွေက ပြည်တွင်းရဲ့ အခွန်စနစ်တွေ မကြိုက်တဲ့အပြင် တချို့နေရာတွေမှာ လုပ်ကိုင်ခွင့် လွယ်လွယ်ကူကူ မရတဲ့အတွက် ဝင်ဖို့ကို အခက်အခဲဖြစ်တယ်လို့ အမေရိကန် ကုန်သည်ကြီးများအသင်းတွေနဲ့ ဆွေးနွေးတဲ့အခါ ပြောကြတယ်”ဟု ကျောက်မျက်လုပ်ငန်းရှင် ဦးသောင်းထွန်းက ပြောကြားသည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် အစိုးရအနေနှင့် အခွန်သက်သာခွင့်များ ပေးခဲ့ပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍများအတွက် လိုအပ်သည့် ကုန်ကြမ်းများတင်သွင်းပါက အကောက်ခွန် သက်သာခွင့်ကို နှစ်အကန့်အသတ် မရှိပေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

J-13



FOLLOW US