News

POST TAGGED AS

နိုင်ငံသား

ကြိုးနီစနစ်နဲ့ နိုင်ငံသားအခွင့်အရေး
နိုင်ငံတစ်ခု၏ နိုင်ငံသားဖြစ်သည်ဆိုရာတွင် ယင်းနိုင်ငံ၏ နိုင်ငံသားဆိုင်ရာတာဝန်ကို ထမ်းဆောင်ခြင်းနှင့် ယင်းနိုင်ငံ၏ နိုင်ငံသားအခွင့်အရေးဆိုင်ရာများ ခံစားရယူခွင့်တို့ ပါဝင်ပါသည်။ နိုင်ငံသားဖြစ်ရန်အတွက် သက်ဆိုင်ရာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားအရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီရန်လိုအပ်ပါသည။် နိုင်ငံရေးစနစ်တစ်ရပ်ဟူသည် နိုင်ငံသားတို့၏ရပိုင်ခွင့်များ ဆုံးရှုံးမသွားစေရန် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုသော မဏ္ဍိုင်ကြီးများဖြင့် ဖွဲ့စည်းတည်ဆောက် လည်ပတ်ရပါသည်။ နိုင်ငံသားအခွင့်အရေးနှင့် ရပိုင်ခွင့်ကို အာမခံချက်မရှိသော နိုင်ငံရေးစနစ်တစ်ရပ်သည် ကျဆုံးမြဲသာဖြစ်ပါသည်။ ယင်းနိုင်ငံရေးစနစ်ကို ဖွဲ့စည်းအုပ်ချုပ်ပုံပေါ်မှာအခြေခံ၍ လည်ပတ်ရသည်။ တစ်နည်းပြောရလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံသားအခွင့်အရေးနှင့် ရပိုင်ခွင့်တို့၏အုတ်မြစ် ဖြစ်ပါသည်။ 

ယခုရက်ပိုင်းက ဒီဗီဘီ ဒီဘိတ်တွင် နိုင်ငံသားအခွင့်အရေးကို ဘယ်သူတွေက အကာအကွယ်ပေးမလဲဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ကြည့်လိုက်ရသည်။ ယင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူအားလုံးက နိုင်ငံသားအခွင့်အရေး အပြည့်အဝမရမှုကို လက်ခံကြသည်။ နိုင်ငံသားအခွင့်အရေး အပြည့်အဝမရရှိခြင်း၏ အဓိကပြဿနာအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ၂၀၀၈ အခြေခံဥပဒေကို လက်ညှိုးထိုးတင်ပြကြသည်။ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ အစိုးရအဖွဲ့လက်အောက်တွင် မရှိမှု သို့မဟုတ် အရပ်သားအစိုးရ၏ ညွှန်ကြားချက်အပေါ် လိုက်နာမှုမရှိသည့်ပုံစံမျိုးကို တင်ပြပြောဆိုခဲ့ကြသည်။ ဆွေးနွေးပွဲတွင် နိုင်ငံသားတို့၏ လုံခြုံရေးနှင့် လွတ်လပ်စွာဖော်ထုတ်ခွင့် စသည့်ဒီမိုကရေစီ အခွင့်အရေးများအပေါ် အဓိကထားဆွေးနွေးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနပေါ်တွင်သာ ဝေဖန်ကာ၂၀၀၈ ခြေဥဘူတာမှာ ဆိုက်ခဲ့ကြပါသည်။ ထပ်မံပြောဆိုစရာရှိလာသည်မှာ လုံခြုံရေးနှင့် လွတ်လပ်စွာဖော်ထုတ်ခွင့်သည်သာမက အခြားသောကဏ္ဍများဖြစ်သည့် စီးပွားရေးနှင့် အခြားသော နိုင်ငံသားရပိုင်ခွင့်များသည်လည်း မရရှိသေးကြောင်းကိုမူ ဆွေးနွေးမှု အနည်းအကျဉ်းသာ တွေ့ရပါသည်။ 

၂၀၀၈ ဖွဲ့စည်းပုံ အခန်း (၈) တွင် နိုင်ငံသားများ၏ မူလတာဝန်နှင့် အခွင့်အရေးများကို ပုဒ်မ ၃၄၅ မှ ၃၉၀ အထိ ဖော်ပြထားပါသည်။ ယင်းတို့တွင် နိုင်ငံသားတို့၏ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်၊ ပြောဆို၊ ရေးသားခွင့်၊ စီတန်းလှည့်လည်ခွင့်၊ တန်းတူညီမျှမှုနှင့် လွတ်လပ်စွာစီးပွားရေးလုပ်ပိုင်ခွင့်နှင့် တရားဥပဒေ အစောင့်အရှောက်ခံယူခွင့်တို့ကို ကောင်းစွာဖော်ပြထားပါသည်။ မည်သို့ပင်ဖော်ပြထားစေကာမူ လက်ရှိအခြေအနေနှင့် အဖြစ်အပျက်များက နိုင်ငံသားတို့၏ အခွင့်အရေးဆုံးရှုံးမှုကို အများက လက်ခံလျက်ရှိကြသည်။ ဥပဒေတွင် ပြဋ္ဌာန်းထားပါလျက်နှင့် နိုင်ငံသားတို့၏ အခွင့်အရေးဆုံးရှုံးရသည်ကို အခြေခံဥပဒေကြောင့်ဟု ပြောဆိုရန်ခက်လှပါသည်။ ဤနေရာတွင် ကဏ္ဍနှစ်ခုကို ကွဲပြားစွာမြင်တတ်ဖို့လိုပါသည်။ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံသားအခွင့်အရေးကို အပြည့်အဝအကောင်အထည်ဖော်နိုင်ခြင်း ရှိ မရှိနှင့် ဤအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်လုပ်ဆောင်မည့် အစိုးရ၏စွမ်းရည်တို့ဖြစ်ပါသည်။ ဖွဲ့စည်းပုံပါပေးထားချက်များမှာ နိုင်ငံသားအခွင့်အရေးအတွက် ကောင်းစွာ လုံလောက်ပါသည်။ သို့သော် ခေတ်အဆက်ဆက် နိုင်ငံသားအခွင့်အရေးကို မြန်မာနိုင်ငံသူနိုင်ငံသားတို့ အပြည့်အဝမရခဲ့ကြပါ။ 

နိုင်ငံသားတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားသည့် ရပိုင်ခွင့် များမှာ အစိုးရဗျူရိုကရက်များ၏လက်ထဲတွင်သာ ရှိပါသည်။ နိုင်ငံသားတို့၏ တရားဥပဒေနှင့်အညီ ရပိုင်ခွင့်များကိုလျှောက်ထားမှုတို့သည် မည်မျှပင် တရားဥပဒေနှင့် ညီညွတ်မျှတနေစေကာမူ ဗျူရိုကရက်များနှင့် ရှုပ်ထွေးလုံးချာလည်လိုက်နေသည့် အစိုးရလုပ်ထုံးလုပ်နည်း ကြိုးနီစနစ်အောက်တွင် သာမန်ပြည်သူတို့အတွက် နိုင်ငံသားအခွင့်အရေးမှာ ပျောက်ဆုံးဆဲပင်ဖြစ်ပါသည်။ ဥပမာ-နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ လျှောက်ထားခြင်း၊ မိမိတို့ပိုင်ဆိုင်သောမြေကွက်များကို ဂရန်လျှောက်ထားခြင်း၊ အဆောက်အအုံဆောက်လုပ်ရန် ခွင့်ပြုချက်လျှောက်ထားခြင်း၊ အခွန်ပေးဆောင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းလိုင်စင်ဆိုင်ရာကိစ္စရပ်များ၊ လွတ်လပ်စွာ လုပ်ကိုင်ပြောဆိုခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်နှင့် လိုအပ်သောတရားဥပဒေ အကာအကွယ်ရရှိမှု စသည့်ကိစ္စရပ်များတွင် မလိုလားအပ်သောကြန့်ကြာမှုများ ရှိနေဆဲဖြစ်ပါသည်။ အဂတိလိုက်စားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်းနှင့် ပြည်သူ့ရေးရာဝန်ဆောင်မှုတွင် ညံ့ဖျင်းသောမူဝါဒနှင့် ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းကြိုးနီစနစ်များသည်သာ နိုင်ငံသားတို့၏အခွင့် အရေးကို အမှန်တကယ်ဆုံးရှုံးစေလျက်ရှိသော ပစ္စက္ခအခြေအနေမှန်သာ ဖြစ်ပါသည်။ နိုင်ငံသားအခွင့်အရေးရရန် လိုအပ်သကဲ့သို့ နိုင်ငံသားတာဝန်ကိုလည်း ကျေပွန်ရန်အရေးကြီးပါသည်။ နိုင်ငံသားတာဝန် မကျေပွန်လျှင် နိုင်ငံသားအရည်အချင်း ပျက်ပြယ်ကြောင်းနှင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ မရနိုင်ကြောင်းကိုလည်း ၁၉၅၃ ခုနှစ်ထုတ် ဆရာကြီးဦးဘဖေရေးသည့် ပြည်သူ့နီတိတွင်လည်း ဖော်ပြထားပါသည်။ နိုင်ငံသားသည်နိုင်ငံသားတာဝန်ကို ကျေပွန်ရမည်ဖြစ်သကဲ့သို့ နိုင်ငံသားအခွင့်အရေးအပြည့်အဝရရန်အတွက် အစိုးရတွင်လည်း တာဝန်ရှိပါသည်။ နိုင်ငံသား တာဝန်ကျေပွန်သော နိုင်ငံသားများအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိရန်၊ နိုင်ငံသားတာဝန်နှင့် ဗျူရိုကရေစီစနစ်ကို ထိန်းညှိနိုင်ရေးအတွက်လည်းကောင်း၊ အပြန်အလှန်ထိန်းကျောင်းနိုင်ရေးအတွက်လည်းကောင်း ဥပဒေတစ်ရပ်ကို ဖြည့်စွက်ပြဋ္ဌာန်းသင့်ပါသည်။ 

ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးသည်ဖြစ်စေ၊ မရေးထိုးသည်ဖြစ်စေ သတ်မှတ်ရက်ကျော်လွန်လျှင် ဥပဒေသည် အတည်ဖြစ်ပါသည်။ ယင်းသဘောကို ဆောင်သည့်အတိုင်းပင် နိုင်ငံသားတာဝန်ကျေပွန်သော (အခွန်မှန်ကန်စွာ ဆောင်ထားသော၊ နိုင်ငံတော်၏တည်ဆဲဥပဒေများကို ချိုးဖောက်ထားမှုမရှိသော) နိုင်ငံသားတို့၏ နိုင်ငံသားဆိုင်ရာ ရပိုင်ခွင့်များ၊ အခွင့်အရေးများအတွက် အစိုးရဝန်ကြီးဌာနများထံသို့ အကြောင်းကြားလျှောက်ထားမှု အရပ်ရပ်သည် ဝန်ကြီးဌာနကသတ်မှတ်ထားသည့် အချိန်ကာလကျော်လွန်ပါက အစိုးရက အတည်ပြုပြီးသကဲ့သို့ မှတ်ယူကာ ဆက်လက်ဆောင်ရွက်ခွင့်ရရှိစေရမည်။ ယင်းအတွက် ဖြစ်ပေါ်လာသည့် နောက်ပိုင်းအကျိုးဆက်အားလုံးသည် အဆိုပါနိုင်ငံသားနှင့် သက်ဆိုင်မှုမရှိစေရဘဲ ယင်းအတွက် လုပ်ကိုင်တာဝန်ယူဆောင်ရွက်ရသူ အစိုးရဌာနဆိုင်ရာအရာရှိများတွင်သာ တာဝန်ရှိစေရမည်။ ဥပမာ - နိုင်ငံသားတာဝန်ကျေပွန်ခဲ့သော နိုင်ငံသားတစ်ယောက်သည် နိုင်ငံသားမှတ်ပုံတင်လျှောက်ထားပါက မှတ်ပုံတင်ဌာနက သတ်မှတ်ထားသည့်ရက် ကျော်လွန်သွားပါက နိုင်ငံသားမှတ်ပုံတင်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မှတ်ပုံတင်ရရှိသည်ဟု မှတ်ယူရပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ဤသတ်မှတ်ချက်သည် မှတ်ပုံတင်ကဏ္ဍတစ်ခုတည်းအတွက်သာမက မှတ်ပုံတင်ရမှ ဆက်လက်ဆောင်ရွက်ရမည့် ကားမောင်းလိုင်စင်၊ နိုင်ငံကူးလက်မှတ် အစရှိသည်တို့ကိုပါ ကန့်သတ်မှုမဖြစ်စေဘဲ ဆက်လက်အကျုံးဝင်စေရပါမည်။ ယင်းအတွက် ဖြစ်သမျှကိစ္စရပ်များအားလုံးနှင့် ကုန်ကျမည့်စရိတ်များအားလုံးကို မှတ်ပုံတင်ကို အချိန်မီရအောင် မဆောင်ရွက်ပေးနိုင်သည့် လဝကရုံးမှတာဝန်ရှိသောအရာရှိကသာ ကျခံစေရမည့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းသင့်ပါသည်။

ဤသို့လုပ်ဆောင်နိုင်ရန်အတွက် ယနေ့နည်းပညာခေတ်ကြီးထဲတွင် မခက်ခဲတော့ပါ။ နိုင်ငံသားတို့ နိုင်ငံသားတာဝန်ကျေပွန်ပါမှ နိုင်ငံသားအခွင့်အရေးရမည်ဖြစ်ပြီး နိုင်ငံသားတို့ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် အထူးနှိုးဆော်နေရန်လိုမည်မဟုတ်သကဲ့သို့ ဗျူရိုကရေစီယန္တရားကြီးကိုပါ ထိန်းချုပ်ပြီးသကဲ့သို့ဖြစ်ပါမည်။ နိုင်ငံသားဆိုင်ရာအချက်အလက်များ ဆာဗာထူထောင်ခြင်း၊ နိုင်ငံသားကတ်များကို ဒစ်ဂျစ်တယ်စမတ်ကတ်များ (Biometric Card) စနစ်များ အသွင်ပြောင်းခြင်းဖြင့် နိုင်ငံသားတစ်ဦးချင်းစီ၏ အခွန်ဆောင်မှု၊ မဲပေးမှုနှင့် ပြစ်မှုကျူးလွန်မှုမှတ်တမ်းများကို ချက်ချင်းသိရှိနိုင်ပြီး အထက်တွင်ဖော်ပြခဲ့သည့်အကြောင်း အရာပါကိစ္စရပ်များကို ဆောင်ရွက်ရန်မခက်ခဲတော့ပါ။ ခက်ခဲလာနိုင်သည်မှာ ယနေ့အစိုးရ၏ ပြည်သူအပေါ်အမြင်၊ ပြည်သူ့အပေါ်တွင် သဘောထားတို့နှင့် နိုင်ငံသားအခွင့်အရေးအပေါ် ရှင်းလင်းပြတ်သားသောအမြင်သာ ဖြစ်ပါသည်။ ငြိမ်း စု စီ ဥပဒေပြင်ဆင်ခြင်းနှင့်ပတ်သက် သောမှတ်ချက်များတွင် ဥပဒေပြုအမတ်များနှင့် ပါတီမှထိပ်တန်းပုဂ္ဂိုလ်များ၏အမြင်တွင် ဤအချက်ကို ရှင်းလင်းစွာတွေ့မြင်ရပါသည်။ ငြိမ်း စု စီ ဥပဒေပြင်ဆင်ချက်သည် နိုင်ငံသားအခွင့်အရေးအပေါ်တွင် ကြိုးနီတစ်ရပ် ထပ်တိုးလိုက်ခြင်းပင်ဖြစ်သည်။ ကြိုးနီများ ပိုမိုများပြားလာခြင်းဖြင့် လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးတို့ ပိုမိုကောင်းမွန်လာဖွယ်မရှိဘဲ ပိုမိုခက်ခဲလာဖွယ်သာ ရှိပါသည။် 

ယနေ့ခေတ်တွင် ကြိုးနီတို့သည် ပို၍ထူထပ်လာရုံသာမက ပို၍လည်း ရှုပ်ထွေးလာပါသည်။ ယင်းအချက်သည် ကောင်းမွန်ထိရောက်သော အုပ်ချုပ်မှု (Good Governance) နှင့် နိုင်ငံသားအခွင့်အရေးတို့ကို ကန့်သတ်လာရုံမျှမက အစိုးရအပေါ် ပြည်သူ့အားဖြင့် အပြန်အလှန် ထိန်းချုပ်နိုင်မှုကိုပါ ရိုက်ချိုးခြင်းပင် ဖြစ်လာပါတော့သည်။ တစ်နည်းအားဖြင့် ဒီမိုကရေစီအနှစ်သာရကို ဖျက်ဆီးခြင်းလည်းဖြစ်ပါသည်။ ရှင်းလင်းလွယ်ကူသော လုပ်ထုံးလုပ်နည်းစနစ်များ ပြဋ္ဌာန်းခြင်းနှင့် ကြိုးနီစနစ်တို့ကို လျှော့ချခြင်းမပြုပါက အဂတိလိုက်စားမှုများပါ တိုးပွားလာပြီး ပြည်သူတို့၏ နိုင်ငံသားအခွင့်အရေးနှင့် ရပိုင်ခွင့်များအားလုံးကို ဆုံးရှုံးစေနိုင်ပါသည်။ အခြေခံဥပဒေက မည်သို့ပင်ပြဋ္ဌာန်းစေကာမူ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများတွင် ကြိုးနီစနစ်နှင့်တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်းတို့က နိုင်ငံသားတို့၏အခွင့်အရေးနှင့် ရပိုင်ခွင့်များသည် လာဘ်ပေးလာဘ်ယူနှင့် ဗျူရိုကရက်အရာရှိတို့ပေးမှ ရမည့်အနေအထားတွင်သာ ရှိမည်ကို ပြည်သူအားလုံး သတိပြုမိကြပေလိမ့်မည်။ နိုင်ငံသားအခွင့်အရေးဟူသည် နိုင်ငံအရည်အချင်းပြည့်မီပြီး တာဝန်ကျေပွန်သောနိုင်ငံသားများအတွက် ဗျူရိုကရက်အရာရှိကြီးများ ပေးမှရသည့်အခွင့်အရေး လုံးဝမဖြစ်သင့်ပါ။ 

တာဝန်ကျေပွန်သော နိုင်ငံသားကောင်းတစ်ယောက်အတွက် အခွင့်အရေးကိုအလိုအလျောက်ရရှိရန် ဆောင်ရွက်ပေးပါရန် အစိုးရက ဆောင်ရွက်ရပါမည်။ သို့မှသာ တာဝန်ကျေပွန်သောနိုင်ငံသားတစ်ယောက်၏ အဖြစ်သည် ဂုဏ်ယူစရာကောင်းပြီး နိုင်ငံသားတာဝန်ကျေပွန်အောင် ထမ်းဆောင်လိုသူများ များပြားလာပါလိမ့်မည်။ နိုင်ငံသားတာဝန်ကျေပွန်သော နိုင်ငံသားကောင်းများ များပြားလာပါမှ နိုင်ငံတော်အတွက် အကောင်းဘက်ကိုဦးတည်ကာ အစိုးရအတွက်လည်း ဝန်ထုပ်ဝန်ပိုးအတော်များများကို လျှော့ချပေးမည်ဖြစ်သည်။ ယင်းအတွက် ဘတ်ဂျက်ကုန်ကျမှုလည်း အလွန်သက်သာပါမည်။ မြန်မာနိုင်ငံသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ဖွဲ့စည်းပုံပေးထားချက်အပေါ်မူတည်ကာ တွက်ချက်သည်ဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးရှုထောင့်ကဖြစ်စေ၊ အုပ်ချုပ်ရေးပန်းတိုင်များအရဖြစ်စေ အလျော့ခံ၍ရသည့် ကိစ္စမဟုတ်ပါ။ အလျော့ခံရလျှင် နိုင်ငံသားကောင်းတို့၏ ဂုဏ်သိက္ခာပျက်စီးသည်၊ နိုင်ငံသားကောင်းတို့ ဂုဏ်သိက္ခာမရှိလျှင် နိုင်ငံသားကောင်းဖြစ်အောင် ကြိုးစားမည့်သူ နည်းလာမည်။ ဤသို့ဖြစ်လာလျှင် နိုင်ငံတော်အတွက် အဘက်ဘက်မှ ယိုယွင်းခြင်းသည်သာ အစပြုလာပြီး နိုင်ငံသားကောင်းတို့ကို လူပေါ၊ လူကြောင်များအဖြစ် အမြင်ခံလာရပါလိမ့်မည်။ လူ့အဖွဲ့အစည်း၏ တန်ဖိုးနှင့် ခံယူချက်များ ပြောင်းပြန်ဘက်ကို ဦးတည်သွားစေပါလိမ့်မည်။ လူ့အဖွဲ့အစည်း ကောင်းမွန်တိုးတက် တည်ငြိမ်ရေးအတွက် အလွန်အန္တရာယ်များသော အတွေးအခေါ် အယူအဆတို့ကို မွေးဖွားပေးပါလိမ့်မည်။ 

အထက်ပါအချက်တို့ကို ကျော်လွှားရှောင်ရှားနိုင်ဖို့ရန်အတွက် အစိုးရက အဓိကလုပ်ဆောင်မှသာ ရပါလိမ့်မည်။ မြန်မာနိုင်ငံတွင် ရှားပါးနိုင်ငံသားကောင်းများစွာ ကျန်ရှိနေပါသေးသည်။ ယင်းတို့ကို ပွင့်လင်းမြင်သာစွာ စိစစ်သောစနစ်ဖြင့် နိုင်ငံသားကောင်းများဖြစ်ကြောင်း အသိအမှတ်ပြုနိုင်မည့် အချက်အလက် စုဆောင်းရေးစနစ်များ (National Database System for Personal Information) စနစ်ကို အမြန်ဆုံးပြုလုပ်ရန်လိုပါသည်။ သာမန်နိုင်ငံသားကောင်းများကို ဦးစားပေး စိစစ်အသိအမှတ်ပြုကာ ပြည်သူလူထုရွံမုန်းသည့် အီလစ်အလွှာ လူတန်းစားများက ဦးစွာအသိအမှတ်ပြုခံရမှုကိုမပြုမိအောင် သတိထားရန်လည်း လိုပါသည်။ ယင်းစနစ်သည်သာ လက်ရှိကြိုးနီစနစ်၏ အခက်အခဲအတားအဆီးများကို ကျော်ဖြတ်ဖို့ မဖြစ်မနေ လှမ်းရမည့်ခြေလှမ်းဖြစ်ပါသည်။ ထို့နောက် သမ္မတ၏လုပ်ပိုင်ခွင့်ဖြင့် နိုင်ငံသားတာဝန်ကျေပွန်သော ပြည်သူအားလုံးအတွက် အစိုးရ၏ ဝန်ဆောင်မှုအရပ်ရပ်သည် သတ်မှတ်ချိန်ထက် ထင်ရှားခိုင်လုံသည့်အကြောင်း တစ်စုံတစ်ရာမရှိဘဲ ကြန့်ကြာပါက တာဝန်ရှိသူအရာရှိအား အရေးယူမည့်ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန်ကာ ဆောင်ရွက်နိုင်ပါသည်။ ယင်းကို ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကိုရယူကာ ဥပဒေဖြင့် အသွင်ပြောင်းနိုင်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းက နိုင်ငံသားကောင်းတို့အတွက် နိုင်ငံသားအခွင့်အရေးအပြည့်အဝရအောင် ဟန့်တားနေသော ကြိုးနီတို့ကို အမြန်ဆုံးဖြေချနိုင်ပါမည်။ ယင်းအတွက် နိုင်ငံတော်အစိုးရက နိုင်ငံသားအခွင့်အရေးကို ချုပ်ကိုင်တုပ်နှောင်ထားသည့်ကြိုးနီတို့ကို သင့်တော်သလို အမြန်ဆုံးဖြေထုတ်မှသာ နိုင်ငံသားအခွင့်အရေး၏ တန်ဖိုးကို ပြည်သူလူထု ပိုမိုသိရှိလာမည်ဖြစ်ပြီး နိုင်ငံသားအခွင့်အရေးကိုလည်း အလိုအလျောက် ကာကွယ်ပြီးဖြစ်သည်သာမက ပြည်သူ့ဝန်ဆောင်မှုလည်း ပိုမိုကောင်းမွန်ကာ နိုင်ငံတော်ဖွံ့ဖြိုးရေးဆီသို့ အမြန်ဆုံးဦးတည်နိုင်မည်ဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

ဖြိုးမင်းလျှံ



FOLLOW US