POST TAGGED AS

နိုင်ငံရေး

17-Dec-2016

နိုင်ငံရေး
ကဏန်းနှင့် မိအေး
၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၁ ရက်နေ့ထုတ် The Voice Weekly တွင် ပါရှိသော ဆောင်းပါးကို ယနေ့ ပြည်တွင်းပြည်ပ အခြေအနေများနှင့် ကိုက်ညီနေသဖြင့် ပြန်လည်ဖော်ပြပါသည်။
အယ်ဒီတာ

ကဏန်းနှင့် မိအေးကို သဘောမပေါက်လျှင် လောကတွင် နိုင်ငံရေးလုပ်လုပ်၊ စီးပွားရှာရှာ၊ ပညာယူယူ ပေါက်မြောက်နိုင်မည် မဟုတ်။ ကဏန်းနှင့် မိအေးကို မသိသောသူများ ခေါင်းဆောင်ဖြစ်နေလျှင်၊ နောက်လိုက်ထဲတွင် များနေလျှင် တိုင်းပြည်၊ အဖွဲ့အစည်း ရှေ့မတက်နိုင်။ နောက်ပြန်လန်မကျလျှင်ပင် ကံကောင်းဟု ပြောရမည်။

မိအေးနှင့် ကဏန်း ဇာတ်လမ်း သံတူကြောင်းကွဲများကို ကြားဖူးကြပေမည်။ မိအေးသည် ဆော့ရင်းကစားရင်း ကဏန်းတစ်ကောင် ဖမ်းလိုက်သည်။ ထိုစဉ် မိဘများက အိမ်အနီးမှ တရားပွဲသွားရန် လှမ်းခေါ်သဖြင့် ကဏန်းကို ထမီအထက်ဆင်နှင့် ကမန်းကတမ်း လိမ်လိုက်ရပြီး ပါသွားသည်။ တရားပွဲသို့ရောက်တော့ မိအေး ကဏန်းကို မေ့သွားပြီး ရွှေပွဲလာ ပရိသတ်များကို ငေးမောနေမိသည်။ ဘုန်းတော်ကြီး ဝင်လာပြီး တရားနာ ပရိသတ်များ ငြိမ်နေကြသည့်အချိန်၊ ကဏန်းက မိအေး၏ ဗိုက်သားကို အားရပါးရ ညှပ်လိုက်တော့ မိအေး၏ စူးစူးဝါးဝါး အော်သံကြောင့် ထရပ်သူရပ်၊ ပြေးသူပြေး၊ မှင်သက်သူနှင့် အတော်ဗရုတ်ဗရက် ဖြစ်သွားသည်။ ရှက်လည်းရှက် အားလည်းနာနှင့် အမေက မိအေးကျောပြင်ကို ဗျောတင်တော့သည်။

ကဏန်းညှပ်ခြင်းသည် context ‘နောက်ခံအခြေအနေ၊ မိအေးအော်အောင် တွန်းပို့ခဲ့သော အကြောင်းများ’ ဖြစ်သည်။ မည်သည့်ကိစ္စတွင်မဆို မိအေးအော်ခြင်းနှင့်သာ ရပ်မထားဘဲ ကဏန်းကို ရအောင်ရှာဖို့ လိုသည်။ ကဏန်းကို မရှာနိုင်သရွေ့ မိအေးကို ဘယ်လောက်ရိုက်ရိုက်  အဖြေထွက်မည် မဟုတ်။ 

ပြဿနာရပ်များကို မောင်းဖြုတ်သော ဖြစ်ရပ်များသည် မိအေးအော်ခြင်း ဖြစ်ပြီး တကယ့်အကြောင်းရင်း၊ နောက်ခံအခြေအနေသည် ကဏန်း ဖြစ်သည်။ 

ပထမကမ္ဘာစစ်ကြီးကို ဖြစ်ပွားခဲ့ခြင်းမှာ ဆာဗီးယား တော်လှန်ရေးသမားက သြစတြီးယား ဟန်ဂေရီ အိမ်ရှေ့စံ ဖာဒီနန်ကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့်ဟု ဆိုလျှင် မိအေးအော်ခြင်းကိုသာ အာရုံစိုက်နေခြင်းနှင့်တူမည်။ တကယ်တော့ အမျိုးသားစိတ်ဓာတ်များ ပြင်းထန်နေချိန်၊ ပြိုင်ဘက်နိုင်ငံကြီးများ အကြား တင်းမာမှု အမြင့်ဆုံးသို့ ရောက်နေချိန်တွင် ခလုတ်ဖြုတ်မည့် ဖြစ်ရပ်ပေါ်လာသောကြောင့်သာ ဖြစ်သည်။ 

ဆာဗီးယား တော်လှန်ရေးသမားကြောင့်သာဟု ဆိုပါက ထိုသူ မနက် အိပ်ရာထမည့် နှိုးစက်ကို တစ်နာရီ နောက်ရွှေ့ထားလိုက်လျှင် ပထမကမ္ဘာစစ်ကြီးကို ရှောင်လွှဲလိုက်နိုင်မည်ဟု ပြောသလို ဖြစ်သွားမည်။  

၁၉၈၈ အရေးအခင်း ဖြစ်ပွားခဲ့ခြင်းသည် အင်းစိန်ကြို့ကုန်း ရန်ကုန်စက်မှုတက္ကသိုလ်အနီး လက်ဖက်ရည်ဆိုင်တွင် ကျောင်းသားနှင့် ရပ်ကွက်သား သီချင်းလုဖွင့်ခိုင်းရာမှ ဖြစ်ပွားသည်ဟုဆိုလျှင် မိအေးအော်ခြင်းနှင့် ရပ်ထားရာ ရောက်မည်။ နိုင်ငံစီးပွားရေး ချွတ်ခြုံကျနေခြင်း၊ ငွေစက္ကူ တရားမဝင် ကြေညာခြင်းကြောင့် ပြည်သူအများစု စုဆောင်းငွေများ လုယူခံလိုက်ရခြင်း၊ အဘက်ဘက်တွင် ကျဆင်းနေသော နိုင်ငံကြောင့် အထွေထွေ မကျေနပ်မှုများ ကိန်းအောင်းစုပုံနေခြင်းတို့ကြောင့် ဆိုလျှင် ကဏန်းကို မြင်ပြီဟု ဆိုနိုင်သည်။

လွတ်လပ်ရေးရအပြီး အချင်းချင်း သဲကြီးမဲကြီး ချခဲ့ခြင်းကို သိလိုလျှင် နယ်ချဲ့တိုင်း ကျင့်သုံးလေ့ရှိသော သွေးခွဲအုပ်ချုပ်ခြင်း Divide  and Rule၊ သွေးခွဲစိုးမိုးခြင်း Divide and Conquer ကို လည်းကောင်း မြင်အောင်ကြည့်တတ်ဖို့ လိုသည်။ ဗြိတိသျှခေတ် တပ်ထဲသို့ တိုင်းရင်းသား လူနည်းစုများကိုသာ ဝင်စေခဲ့ပြီး တိုင်းရင်းသား လူများစုကို ပေးမဝင်ခဲ့ခြင်း၊  ပြည်နယ်ပြည်မ ခွဲခြားထားခြင်းတို့ကြောင့် အရောက်အပေါက်နည်းပြီး သံသယမျိုးစေ့များ အမြစ်တွယ်ခဲ့ရခြင်းတို့သည် ကဏန်းပင် ဖြစ်သည်။

အပြင်တွင် မြင်နေရသော အကြောင်းအရာများထက် ပိုပြီးမြင်နိုင်ရန် လိုသည်။ အသွင်သဏ္ဌာန်တို့သည် လူတို့၏ စိတ်ကို လှည့်ဖျားတတ်သည် ဖြစ်ရာ အနှစ်သာရကို မြင်နိုင်ရန် လိုသည်။ မျက်စိနှင့် မြင်နေရတာပဲဟု ကိုယ်တွေ့ကို အားကိုးလိုသူများသည် ပေတံကို ရေထဲနှစ်ကြည့်လျှင် ကောက်နေသည်ကို မြင်ရလိမ့်မည်။ သိပ္ပံသဘော၊ အလင်းသဘောအရ ထိုသို့ ဖြစ်သွားခြင်းကို သိလျှင်မူ ပေတံကောက်ခြင်းကို နားလည်နိုင်ပြီး မျက်စိကိုပင် မယုံသင့်ကြောင်း သဘောပေါက်နိုင်မည်။ ဓားပြတိုက်သွားသော လူဆိုး၊ ဆွဲကြိုးဖြတ်သွားသူတို့ကို မိရန် မသင်္ကာသူတို့ကို တန်းစီပြသသည့်အခါ တကယ်လုပ်သူကို ဘေးဖယ်ထားလျှင်ပင် တန်းစီသူတို့ထဲမှ ရွေးထုတ်ပြခြင်းသည်လည်း မျက်စိ၊ စိတ်တို့၏ လှည့်စားတတ်ခြင်းကို ပြသနေသည်။ 

တံလျှပ်ကို ရေထင်ပြီး ရွှေသမင် အလိုက်မှားခြင်းသည် ဂဏန်းကို မမြင်သောကြောင့် ဖြစ်သည်။ မယောင်ရာဆီလူးခြင်းသည် မိအေးကိုသာ မဲခြင်းကို ဆိုလိုသည်။

မိအေးအော်ခြင်းကို ‘ဘာ့ကြောင့်လဲ’ ဟု Why လုပ်ကြည့်မှသာ ကဏန်းကို ရှာတွေ့နိုင်မည် ဖြစ်သည်။ ကဏန်းညှပ်ခြင်းကို အရင်မဖြုတ်ဘဲ ရိုက်မောင်းပုတ်မောင်းလုပ်လျှင် မိအေးသာ နှစ်ခါနာပေလိမ့်မည်။

ကဏန်းကို မြင်ခြင်းသည် ကဏန်းကို ရှာလိုစိတ်နှင့် တိုက်ရိုက်သက်ဆိုင်သည်။ မိအေးအပြင် ကဏန်း ရှိနိုင်သေးတယ် ဟူသော အမြော်အမြင် လိုအပ်သည်။ မိအေးပဲဟု တစ်ထစ်ချ တွက်လိုက်လျှင်မူ စိတ်ကို အပိတ်စဉ်းစားလိုက်သဖြင့် ကဏန်းကို ရှာတွေ့ရန် ခဲယဉ်းသွားပြီ ဖြစ်သည်။ ကဏန်းကို မရှာနိုင်လျှင် အဖြေမည်မျှ ထုတ်ထုတ် တစ်ပွဲတိုး ဆေးမြီးတိုဖြင့် ကုခြင်းသာ ဖြစ်ပေလိမ့်မည်။ မိအေးသည် တစ်ခါပြီးတစ်ခါ ထပ်ငိုပြီး တရားပွဲလည်း ပျက်သည်ထက် ပျက်ပေဦးမည်။

ကမ္ဘာနှင့် ချိတ်ဆက်လာပြီ ဖြစ်သည့် ယနေ့အချိန်တွင် ကဏန်းတို့သည် အရေအတွက် များပြားလာခဲ့ပြီ။ ပြည်တွင်းကဏန်းလည်း ပါနိုင်သလို ပြည်ပကဏန်းတို့လည်း ကျူးလာနိုင်သည်။ ကဏန်းသည် တစ်ကောင်တည်းလည်း ဟုတ်ချင်မှ ဟုတ်လိမ့်မည်၊ အုပ်နှင့်သင်းနှင့်လည်း ဖြစ်နိုင်သည်။ ကိုယ်တွေ့ပြီဟု ထင်သော ကဏန်းသည်လည်း မိအေးကို အော်စေသော ကဏန်း ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ တကယ့်ကဏန်းက တစ်နေရာ၊ အမိခံရသော ကဏန်းက တစ်နေရာတွင် ရှိနေကောင်း ရှိနေနိုင်သည်။ လက်သည်ကဏန်းကို ရှာနိုင်ဖို့ လိုသည်။ 

မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းရာတွင်၊ နောက်ကျနေသည့် နိုင်ငံကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်ရာတွင် မိအေးနှင့် ကဏန်း ခွဲနိုင်ရေးသည် အဓိကကျသည်။ ပြည်တွင်းပြည်ပ ဗဟုသုတကြွယ်ဝ၊ မြန်မာ့ရေမြေ လူတို့အကြောကို သိ၊ စဉ်းစားဆင်ခြင်နိုင်ပြီး ဝါဒအစွဲကင်းသူ၊ ဘေးမှရပ်ကြည့်သည့်အမြင် (Third Person View) ရှိသူတို့နှင့် တိုင်တိုင်ပင်ပင်လုပ်နိုင်မှ ကဏန်းကို မြင်ရမည်။

ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်အလုပ် ကိုယ်လုပ်နေရသည့် သာမန်ပြည်သူတို့ ကဏန်းကို မမြင်လျှင် ဖြေသာသေးသော်လည်း ပြည်သူ့အကျိုးကို ထမ်းဆောင်မည်ဟု ဆိုသည့် ထိပ်သီးခေါင်းဆောင်များ အဆင့်၊ နယ်ပယ်အလိုက် ထင်ပေါ်ကျော်ကြား၊ သြဇာရှိ၊ အာဏာရှိ၊ အပေါင်းအသင်း ရောင်းရင်းအားကောင်းသူတို့ ကဏန်းကို မမြင်ခြင်းသည် အန္တရာယ်ကြီးသည်။ ကဏန်းကို မမြင်ခြင်းမှာ လုပ်ရည်ကိုင်ရည် အားနည်းသေးသောကြောင့်ဟု စာနာနိုင်သော်လည်း ကဏန်းကို မရှာလိုခြင်းကိုမူ ခွင့်လွှတ်ရန် ခဲယဉ်းသည်။
 ကဏန်းကို ရှာစေလိုသည်။ မြင်စေလိုသည်။ 

ဇေယျသူ



FOLLOW US