News

POST TAGGED AS

နိုင်ငံရေး

အောက်တိုဘာ ၂၂ သည် မထင်မှတ်ထားဘဲ မြန်မာ့သမိုင်းတွင် နေ့ထူးနေ့မြတ် ဖြစ်လာနိုင်သည်။

ယခုဆောင်းပါးကို စတင်ဖတ်ရှုနိုင်သည့် အောက်တိုဘာ ၂၂ ရက်နေ့ စနေနေ့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံမည် ဖြစ်သည်။ ‘သူ့ချည်းသာလော’။ မဟုတ်ပါ။ မြန်မာနိုင်ငံ ရှေ့ဆက်လျှောက်လှမ်းမည့် စီးပွားရေး မူဝါဒများကိုလည်း အစိုးရက ရှင်းလင်းပြောကြားမည် ဖြစ်သည်။ နိုင်ငံ့ထိပ်ဆုံးပုဂ္ဂိုလ်၏ စီးပွားရေးနှင့် ပတ်သက်ပြီး အာမခံချက်များကို ကြားရလျှင်၊ မြင်ရလျှင် မြန်မာ့စီးပွားရေး ရာသီဥတု ကောင်းမွန်လာနိုင်သည်။ စင်စစ် နိုင်ငံရေးနှင့် စီးပွားရေးသည် ဒွန်တွဲနေရာ အစိုးရမင်းတို့၏ စီးပွားရေးအပေါ် သဘောထားနှင့် လုပ်ရပ်သည် စီးပွားရေးနယ်ပယ်၏ ကျန်းမာရေးကို အဆုံးအဖြတ်ပေးသည်။ စီးပွားရေးနယ်ပယ်၏ ကျန်းမာရေးသည် ရာစုနှစ်ဝက်အတွင်း ပထမဆုံး တက်လာသော ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို အဆုံးအဖြတ်ပေးမည်။ ထို့ကြောင့် အောက်တိုဘာ ၂၂ သည် မြန်မာနိုင်ငံ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသော နေ့တစ်နေ့ ဖြစ်လာနိုင်သည်။

မြန်မာ့စီးပွားရေးသည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီက စတင်ကာ အစိုးရသစ်တက်အပြီး ခြောက်လကျော်အထိ တုံ့ဆိုင်းနေကြောင်း စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် အများအပြားက လက်ခံထားကြသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မစခင်ကတည်းက စီးပွားရေး လုပ်ငန်းရှင်များ  ကိုယ်ရှိန်သတ်ပြီး စောင့်ကြည့်နေခဲ့ကြသည်။ အစိုးရသစ် တက်လာသော အခါတွင်လည်း စီးပွားရေး အလေးပေးကြောင်း ပြသရန် အားနည်းခဲ့ခြင်းကြောင့် စီးပွားရေး လုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့ရန် ပိုတွန့်သွားပြီး စောင့်ကြည့်သူ များလာသည်။ စီးပွားရှာခြင်းကို ဆန့်ကျင်ခြင်းဆန်ဆန် (anti-business) တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအချို့၏ မူဝါဒ လုပ်ရပ်များကြောင့် ပိုစိုးရိမ်လာကြသည်။ နိုင်ငံ့အထွတ်အထိပ် ဒေါ်အောင်ဆန်းစုကြည်၏ အာဏာရအပြီး ပထမဆုံး မိန့်ခွန်းတွင် ငြိမ်းချမ်းရေး အပါအဝင် နိုင်ငံရေးသာ လွှမ်းမိုးပြီး စီးပွားရေးအကြောင်း မပါခြင်းကလည်း ရိုက်ချက်ပြင်းသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့၏ လုပ်ရည်ကိုင်ရည်ကို မေးခွန်းထုတ်ကြခြင်းကလည်း လူထု၏ စီးပွားရေးအပေါ် ယုံကြည်မှုကို ကိုင်လှုပ်သည်။

ပြည်တွင်းတွင် ငွေပင်ငွေရင်း နည်းသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ပြီး စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရမည့် နိုင်ငံတွင် အစိုးရသစ်လက်ထက် ‘မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်’ Myanmar Investment Commis-sion (MIC) ကို အစိုးရသစ်တက်အပြီး ရက် ၆၀ ကျော်အကြာ ဇွန်လဆန်းမှ ဖွဲ့စည်းနိုင်ပြီး MIC ၏ ပထမဦးဆုံး အစည်းအဝေးကို  ဇွန်၂၇ ရက်နေ့မှ ကျင်းပနိုင်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းပေါင်း ၁၀၀ ကျော်သည် MIC ကို အချိန်အတော်ကြာ စောင့်နေခဲ့ရသည်။ စီးပွားရေး မူဝါဒများကို ချမှတ်မည့် National Economic Co-ordination Committee ကိုလည်း အလားတူပင် ဇွန်လဆန်းမှ ဖွဲ့စည်းနိုင်သည်။ ၁၂ ချက် ပါဝင်သော စီးပွားရေးမူဝါဒကို ထုတ်ပြန်သည့် အခါတွင်လည်း ယေဘုယျ ဆန်လွန်းသည်ဟု မြင်ကြကာ ပိုမိုမရေမရာ ဖြစ်ကြသည်။

နိုင်ငံတော်၏ အထွတ်အထိပ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ဟု စီစဉ်သော်လည်း အမေရိက အပြန်တွင် ခရီးပန်းသဖြင့် ရွှေ့ဆိုင်းလိုက်ရသည်။ ယခုတစ်ကြိမ်တွင်မူ တစ်ချက်ခုတ် နှစ်ချက်ပြတ် စီးပွားရေး မူဝါဒများလည်း ရှင်းပြ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ကြမည်။  နဂိုကထုံထိုင်း အုံမှိုင်းနေသော စီးပွားရေး ရာသီဥတုသည် အောက်တိုဘာ ၂၂ တွေ့ဆုံပွဲ အပြီးတွင် ပွင့်လင်းလာနိုင်သည်။ အချိန်ကာလကလည်း ဝါလကင်းလွတ် သီတင်းကျွတ်။ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်ပြီ ဖြစ်သလို ရင်းနှီးမြှုပ်နှံမှု ဥပဒေလည်း အတည်ပြုလိုက်ပြီ။ အောက်တိုဘာ ၂၂ တွင် မည်သည့်ရလဒ် ထွက်ပေါ်လာသည်ဖြစ်စေ အောက်တိုဘာ ၂၂ နှင့် ဒွန်တွဲကာ မြန်မာ့စီးပွားရေးတွင် ထည့်သွင်းစဉ်းစားရဦးမည့် အချက်များကို ရေးသားလိုက်ပါသည်။ ယခုအချက်များသာ အရေးကြီးသည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ စာရေးသူ စိတ်ကြိုက်သာ ရွေးကောက်ဖော်ပြခြင်း ဖြစ်သည်။ 

(၁) အရေးယူပိတ်ဆို့မှုများ ပြန်လည်ဖြေလျှော့လိုက်ခြင်းသည် ကြိုဆိုဖွယ် ဖြစ်သော်လည်း မြန်မာတို့ကို အခြားဖွံ့ဖြိုးဆဲ နိုင်ငံများထက် အခွင့်အရေး သာသွားစေသည် မဟုတ်ပါ။ လှောင်အိမ်တံခါး ဖွင့်ပေးလိုက်သည့် အတွက် သူတို့နှင့် တန်းတူယှဉ်ပြိုင်ခွင့် Level Playing Field နှင့် နီးစပ်လာခြင်းသာ ဖြစ်သည်။ အချိန်အတန်ငယ် ယူပြီးမှ အရေးယူ ပိတ်ဆို့မှုများ၏ အရိပ်မည်းများ တဖြည်းဖြည်း လွင့်ပျောက်သွားမည် ဖြစ်သည်။

(၂) မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေအထားသည် ဘောလုံးစကားနှင့် ပြောလျှင် ဘောလုံးအပေး စောင့်နေခြင်း ဖြစ်ပြီး ဘောလုံးကို ဆင်းမယူသေး meet the ball ဟု မြင်ပါသည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေသည် တိုးတက်ကောင်းမွန်သော်လည်း ‘စမှတ်’ သာလျှင် ဖြစ်သည်။  နာမည်ကောင်းမွန်သော နိုင်ငံအတွက် အကျိုးရှိမည့် ပြည်ပစီးပွားရေး လုပ်ငန်းကြီးများကို မြန်မာသံရုံးများတွင် ခန့်ထားပြီး ဖြစ်သော စီးပွားရေးသံမှူးများ၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ လာရောက်ချင်အောင် ဆွဲဆောင်နိုင်လျှင် အလွန်ကောင်းမည်။ စင်ကာပူ အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်သော နိုင်ငံများသည် ဘောလုံးကို ဆင်းယူကြသည်။ 

(၃) မိမိနိုင်ငံသားတို့၏ လုပ်အားခ ဈေးချိုမချိုကို ကြည့်သည့်နည်းတူ ကုန်ထုတ်လုပ်နိုင်စွမ်း (ဝါ) အလုပ်ဖြစ်နှုန်း Productivity ကိုလည်း ကြည့်ရန်လိုသည်။ မြန်မာလုပ်သား သုံးယောက် ပြီးမြောက်သော အလုပ်ပမာဏနှင့် အခြားလုပ်သားတစ်ဦး ပြီးမြောက်သော အလုပ်ပမာဏတို့ တူနေပါက မြန်မာလုပ်သားတို့၏ လစာသည် အခြားလုပ်သား၏ ထက်ဝက်သာ ဖြစ်လျှင်ပင် မြန်မာတို့၏ လုပ်ခသည် ဈေးချိုသည် မဆိုနိုင်ပါ။ အခြားအပိုဆာဒါးများ ဖြစ်သည့် မီးပျက်သောကြောင့် မီးစက်နှိုးရခြင်း၊ ရုံးအထပ်ထပ် ဖြတ်စရိတ် စသည်တို့ ပေါင်းလိုက်လျှင် မြန်မာပြည်တွင်းသို့ ဝင်လာသော ကုန်ပစ္စည်းများသည် လမ်းပန်းဆက်သွယ်စရိတ် ထပ်ပေါင်းလျှင်ပင် မြန်မာထုတ်ပစ္စည်းများထက် ဈေးချိုနေသည့် သဘောကို ရိပ်စားနိုင်သည်။ မြန်မာလုပ်သားတို့၏ ကုန်ထုတ်လုပ်နိုင်စွမ်း တိုးတက်လာမှသာ တစ်ဦးချင်းဝင်ငွေ ပိုလာမည် ဖြစ်သလို မြန်မာနိုင်ငံ ထုတ်ကုန်ပစ္စည်းများသည် ဈေးနှုန်းရော အရည်အသွေးတွင်ပါ ပြည်ပကုန်များကို ယှဉ်နိုင်မည်။ သင်တန်းပေးခြင်း စသော အရည်အချင်း မြှင့်တင်ခြင်းသည် နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ရာ လုပ်ငန်းခွင် ကျွမ်းကျင်ပညာရေးအတွက် အစိုးရ အသုံးစရိတ်ကို ရဲရဲသုံးသင့်သည်။ လုပ်ငန်းခွင် အရည်အချင်း မြှင့်ခြင်းသည် မူလတန်း၊ အလယ်တန်းစသော သမားရိုးကျ ပညာရေး တို့ကဲ့သို့ပင မဟုတ်ဘဲ လုပ်သားထု ဝင်ငွေတိုးခြင်း၊ အဆင့်မြင့်ကုန်ပစ္စည်းများ ထုတ်နိုင်ခြင်း၊ နိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးလာခြင်းစသော အကျိုးတို့ကို ချက်ချင်းခံစားရမည်။ သီးပွင့်လာရန် အချိန်သိပ်မစောင့်ရဘဲ ‘ခုရေတွင်းတူး၊ ခုရေကြည်သောက်’ နိုင်သည်။ 

(၄) မြန်မာပြည်တွင် ပုဂ္ဂလိကကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်လာနေသော်လည်း အစိုးရယန္တရား၏ အခန်းကဏ္ဍသည် ကြီးမားဆဲဖြစ်ရာ အစိုးရ၏ စီးပွားရေးတွင် ဦးဆောင်မှုသည် လိုအပ်ဆဲဖြစ်သည်။ ဝန်ပိနေသော ဝန်ကြီးများ၏ ဝန်ထုပ်ဝန်ပိုးကို မည်သို့လျှော့ချမည်၊ ဆုံးဖြတ်ချက် မှန်ကန်အောင် မည်သို့ပံ့ပိုးမည်ကို မကြာမီတွင် ရဲရဲရင့်ရင့် ပြည်သူ့အကျိုးအတွက် ဆုံးဖြတ်ရပေမည်။ အစိုးရပိုင်နှင့် အစိုးရတစ်ပိုင်း ဘဏ်ကြီးများ၊ လုပ်ငန်းကြီးများသည် ယခင်ကထက် စွမ်းဆောင်ရည်ကောင်းပြီး စီးပွားရေးဆန်ဆန် ကျောသားရင်သား မခွဲခြားဘဲ လှုပ်ရှားနိုင်မှသာ နိုင်ငံ့စီးပွားရေးကို တွန်းနိုင်မည်။ 

(၅) အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းလျှော့ချသွားသည့် အခါတွင် ခရိုနီများ၏  ငွေများသည် အခြားနိုင်ငံများသို့ စီးဆင်းသွားမည်လော ဟူသော အမြင်များလည်း ကြားရပါသည်။ ‘မြန်မာနိုင်ငံတွင် ပြိုင်ဘက်နည်းသည်’ ဟု မြင်ကာ အခြားနိုင်ငံများကပင် လာရောက်ရင်းနှီးမြှုပ်နှံ နေကြချိန်တွင်  မြန်မာနိုင်ငံသား ငွေရှင်ကြေးရှင်များသည်လည်း ယေဘုယျအားဖြင့် မြန်မာနိုင်ငံတွင်သာ ရင်းနှီးမြှုပ်နှံချင်ကြပေမည်။ နိုင်ငံအတွက် အကျိုးရှိသော၊ ကနဦး စိုက်ထုတ်ရမည့် ငွေကြေးလိုအပ်ချက် များပြားသော၊ ရေရှည်စားရမည် ဖြစ်သော နယ်ပယ်များတွင် ယင်းပုဂ္ဂိုလ်အဖွဲ့အစည်းတို့ မြှုပ်နှံနိုင်လျှင် နိုင်ငံ့အတွက်အကျိုးရှိ၊ ထိုပုဂ္ဂိုလ်အဖွဲ့အစည်းတို့လည်း အကျိုးရှိမည်။ နိုင်ငံတွင်းမှငွေများ ပြည်ပသို့ ထွက်သွားမည် မဟုတ်ဘဲ ပြည်ပရောက် ငွေများလည်း  ပြည်တွင်းသို့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု အဖြစ် ပြန်လည်စီးဝင်လာမည် ဖြစ်သည်။ ကျပ်ငွေဝယ်လိုအားလည်း အတန်အသင့် တက်လာနိုင်သည်။ 

(၆) ပို့ကုန်သုံးဆ မြှင့်တင်မည် ဟူသော အစိုးရတက်စက ကြားလိုက်ရသည့် ရည်မှန်းချက်အတွက် ဆိုလျှင် မိမိတင်ပို့လိုသော ဈေးကွက်တို့၏ သတင်းအချက်အလက်များကို သုတေသန တိုးမြှင့်ဆောင်ရွက်ရန် လိုသည်။ မြန်မာသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဈေးကွက်ကြီးနှစ်ခု ဖြစ်သည့် တရုတ်နှင့် အိန္ဒိယ အကြားတွင် တည်ရှိသည်။ အရည်အသွေးအရရော အရေအတွက်အရပါ အရေးကြီးလှသည့် ဥရောပနှင့် အမေရိက ဈေးကွက်တို့ကိုလည်း အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်သည့်အတွက် လက်လှမ်းမီသွားသည်။ သို့သော် မြန်မာနိုင်ငံမှ မည်သည့်ကုန်များကို ထိုဈေးကွက်တို့က ကြိုက်လောက်သည်၊ သို့မဟုတ် ထိုနိုင်ငံတို့၏ ဈေးကွက်များကို မြန်မာကုန် အမည်သစ်များ မည်သို့ ထိုးဖောက်ဝင်ရောက်မည်တို့ကို သုတေသနပြုခြင်း အားနည်းသည်။ ကိုယ်ထုတ်နိုင်တာ ထုတ်ပြီးမှ ရောင်းရန်ဈေးကွက် လိုက်ရှာခြင်းမျိုး ဖြစ်နေရာ ဈေးကွက်သုတေသနအတွက် ရန်ပုံငွေ သီးသန့်ထားပြီး ဆောင်ရွက်နိုင်လျှင် အကျိုးများမည် ဖြစ်သည်။ 

(၇) ကိုယ့်အားကိုယ်ကိုးပြီး ပြည်ပဈေးကွက် ထိုးဖောက်နိုင်သော သက်ဆိုင်ရာ စီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်များအား ပိုဖောက်နိုင်အောင် ကူညီပံ့ပိုးသင့်သလို ယင်းတို့ဖောက်သော လမ်းနောက်မှ  ကျန်လုပ်ငန်းရှင်များ လိုက်နိုင်အောင်လည်း အစိုးရက ဆောင်ရွက်သင့်သည်။  ဥပမာ - မြန်မာ့စိန်တလုံး သရက်သီးကို စင်ကာပူဈေးကွက်တွင် ပေါက်အောင် ဖောက်နိုင်သူကို စင်ကာပူကဲ့သို့ အလားတူ အရည်အသွေးကောင်းကြိုက် ဈေးကွက် ဖြစ်သည့် ဥရောပ၊ ဂျပန်တို့သို့ ဝင်ရောက်နိုင်အောင် အကူအညီပေးနိုင်သည်။ သရက်သီး ပေါက်သွားလျှင် အခြားသော သြဇာသီး၊ ပိန္နဲသီး (ဥပမာ ပေးခြင်းသာဖြစ်သည်) တို့ပါ တောက်လျှောက်လိုက်နိုင်အောင် အစိုးရအခြမ်းက ကူညီနိုင်သည်။ 

အောက်တိုဘာ ၂၂ ရက်နှင့်အတူ ဒွန်တွဲစဉ်းစားရမည့် ခုနစ်ချက် ဖြစ်သည်။

ဇေယျသူ



FOLLOW US