News

POST TAGGED AS

နိုင်ငံတော်သမ္မတ

ကတုန်း ကတိုက်နဲ့ ကုန်းမတိုက်ကြပါနဲ့
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ နိုင်ငံတော် အခြေခံမူများအခန်း၊ ပုဒ်မ ၁၆ တွင် “နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်”ဟူ၍ ပြဋ္ဌာန်းထားသလို၊ အခန်း (၃)၊ နိုင်ငံတော် အကြီးအကဲ အခန်း၊ ပုဒ်မ ၅၈ တွင်လည်း “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်”ဟူ၍ ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့်လည်း နိုင်ငံတော်အတွင်းရှိ မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို နိုင်ငံတော်သမ္မတကို လေးစားကြသည်၊ အရိုအသေ ပေးကြသည်ကို ရုပ်သံသတင်းများတွင် တွေ့ရှိကြရမည်ဖြစ်ပါသည်။ အစည်းအဝေးများတွင် နေရာယူပါက နိုင်ငံတော်သမ္မတက ထိပ်ဆုံးတွင် နေရာယူသည်။ ခရီးသွားရာတွင်လည်း ပြည်သူများက ရိုသေလေးစားစွာ ခရီးဦးကြိုပြုကြသည်။ နိုင်ငံတော်သမ္မတ၏ ဓာတ်ပုံကိုလည်း အစိုးရရုံးများနှင့် အချို့သော ပုဂ္ဂလိက အဖွဲ့အစည်းတို့၏ရုံးများတွင် ချိတ်ဆွဲကြသည်။ ထိုကဲ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အကြီးအကဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ ပြည်သူ့ဝန်ထမ်းများ အားလုံးနှင့် နိုင်ငံသူ၊ နိုင်ငံသား အားလုံးတို့သည် နိုင်ငံတော် သမ္မတကို အလေးအမြတ်ပြုကြခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားခြင်း၊ လိုက်နာခြင်း၊ အသိအမှတ်ပြုခြင်းပင် ဖြစ်ပါသည်။ ဤသည်ကို မသိချင်ယောင်၊ မမြင်ချင်ယောင်၊ မကြားချင်ယောင်ပြုကာ “ဘယ်သူကတော့ဖြင့် နိုင်ငံတော်သမ္မတရဲ့ ဩဇာကို မနာခံဘူး၊ ဘယ်အဖွဲ့အစည်းကတော့ဖြင့် နိုင်ငံတော်သမ္မတရဲ့ လက်အောက်မှာမရှိဘူး”ဟူသည့် ပြောဆိုရေးသားချက်များသည် အကြီးအကဲများ အချင်းချင်း၊ အဖွဲ့အစည်းများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အထင်အမြင် လွဲမှားစေနိုင်သော ပြောဆို ရေးသားမှုများ ဖြစ်ကြပါသည်။

မြန်မာနိုင်ငံသမိုင်းတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အထင်အမြင် လွဲမှားမှုများကြောင့် အချင်းချင်း ကွဲကြ၊ ပြဲကြ၊ တိုက်ကြ၊ ခိုက်ကြ ဖြစ်ခဲ့ရသည်များမှာ လူကြီးအချင်းချင်း အတ္တ၊ မာနနှင့် အယူဝါဒ ကွဲပြားမှုများကြောင့်ဖြစ်သလို လူငယ်များနှင့်ကြားလူများ၏ ကုန်းတိုက်သွေးထိုးမှုများကြောင့် ဖြစ်ခဲ့ရသည်များလည်း ရှိပါသည်။ အချို့လူများမှာ လူကြီးချင်း မတည့်ကြမှ၊ အဆင်မပြေမှ အနေချောင်၊ အစားချောင်ကြပြီး မိမိနေရာရနိုင်သည်များရှိကြသဖြင့် အခွင့်သာသည်နှင့် မသိမသာ ခြေထိုးကြသည်မျိုးလည်း တွေ့ရကြုံရဖူးပါသည်။ လူတွေသည် မိမိတို့ အခွင့်အရေးရစေရန်၊ နေရာရစေရန်အလို့ငှာ လူကြီး အချင်းချင်း စိတ်ဝမ်းကွဲပြားစေရန် ဆောင်ရွက်တတ်သလို လူကြီးတွေကလည်း လူငယ်တွေ ပြောသမျှမယုံဘဲ မိမိတို့ အချင်းချင်း သဘောထားကြီးစွာ၊ နားလည်မှုရှိစွာ တိုက်ရိုက်ပြောဆို ညှိနှိုင်းကြခြင်းဖြင့် နားလည်မှု လွဲမှားကာ စိတ်ဝမ်းကွဲပြားမည့်အရေးမှ ကင်းဝေးကြမည်ဖြစ်ပါသည်။ ယခုအခါ အောက်ခြေအဆင့် အဖွဲ့အစည်းများတွင် နေရာနှင့် အခွင့်အရေးအတွက် လူကြီး အချင်းချင်း စိတ်ဝမ်းကွဲပြားအောင် ဆောင်ရွက်ကြသည်များကို တွေ့မြင်ကြားသိနေရသည်ဖြစ်ရာ တစ်ချိန်က ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ် ကြုံတွေ့ရသည့် အတွေ့အကြုံကို တင်ပြလိုပါသည်။

ကျွန်တော် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရခဲ့စဉ်က ကျွန်တော်၏ ဒု-ဦးစီးမှူး (ယခု ဒုညွှန်ချုပ်- ငြိမ်း)က အတွင်းရေးမှူး ဖြစ်ပါသည်။ ကျွန်တော်တို့ နှစ်ယောက်မှာ ရုံးခန်းတစ်ခန်းတည်း အတူနေကြရပါသည်။ တစ်နေ့တွင် ကျွန်တော်တို့နှစ်ယောက်အကြား၌ တစ်ဦးနှင့်တစ်ဦး Privacy ရှိစေရန်အလို့ငှာ သုံးထပ်သားကို အသုံးပြု၍ အမြင့်ခြောက်ပေခန့်ရှိ Partition ကာရံပါသည်။ ဤသို့ ဆောင်ရွက်သည်ကို ဥက္ကဋ္ဌဖြစ်သူကလည်း သိရှိပါသည်။ ထိုနေ့ညပိုင်းတွင် ကျွန်တော် ရုံးဂျူတီကျ၍ ရုံးခန်းအတွင်းရှိနေစဉ် ဝန်ထမ်းငယ် တစ်ယောက်ဝင်လာပြီး ကျွန်တော့်ကို “ဦးစီး ဒီနေ့ ဦးစီးတို့ အခန်းကာနေတာကို ဗိုလ်မှူးက သဘောမကျဘူး ထင်တယ်”ဟု ပြောပါသည်။

ကျွန်တော်က “သူက ဘာပြောလို့လဲ...”ဟု မေးလိုက်သောအခါ ၎င်းက “ပါးစပ်ကတော့ ဘာမှမပြောဘူး၊ ဒါပေမဲ့ မျက်နှာအမူအရာကတော့ သဘောမကျတဲ့ပုံပဲ”ဟူ၍ ဆိုပါသည်။ ကျွန်တော်လည်း တစ်ဦးနှင့်တစ်ဦး အထင်အမြင် လွဲမှားစရာ အကြောင်းကိစ္စရှိလျှင် တိုက်ရိုက်/တည့်တည့် မေးမြန်းပြောဆိုလေ့ ရှိသည့်အတိုင်း ချက်ချင်းပင် ဥက္ကဋ္ဌထံ တယ်လီ ဖုန်းဆက်၍ “ဗိုလ်မှူး ခင်ဗျား ... ဒီနေ့ ကျွန်တော်နဲ့ ကိုဌေးတို့အကြားမှာ Partition လေးတစ်ခု ကာလိုက်ပါတယ်၊ အဲဒါ ဗိုလ်မှူးအနေနဲ့ ဘဝင်မကျဘူးလို့သိရလို့ပါ ... ဟုတ်ပါသလား ခင်ဗျာ...၊ တကယ်လို့ ဗိုလ်မှူး သဘောမကျဘူးဆိုရင် ကျွန်တော် ပြန်ဖျက်လိုက်ပါ့မယ်”ဟု ပြောလိုက်ရာ၊ ၎င်းက “ဟာ... ဦးအောင်သိန်းညွန့်ကလည်းဗျာ မဟုတ်တာ ကျွန်တော်က သဘော မကျ ရှိပါ့မလားဗျာ၊ ကျွန်တော်တောင် သဘောကျလို့ နေ့လယ်က အခန်းဝကနေ ရပ်တောင် ကြည့်နေသေးတယ်”ဟု ဆိုပါသည်။ နောင်တွင် ဥက္ကဋ္ဌဖြစ်သူမှာ တပ်မတော်တွင် ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ကာ ထွေ/အုပ် ညွှန်ချုပ်မှသည် တနင်္သာရီ တိုင်းဝန်ကြီးချုပ်အထိ တာဝန်ထမ်းဆောင်သွားသူ ဖြစ်ပါသည်။ ညွှန်ချုပ်ဘဝမှာပင် ကျွန်တော့်အိမ်သို့ လာရောက် လည်ပတ်သွားပါသည်။

ထို့အပြင် မင်္ဂလာတောင်ညွန့်မြို့နယ်မှာပင် နောက်ထပ် ဥက္ကဋ္ဌတစ်ဦး လက်ထက်၌် ကြုံတွေ့ရသည်မှာ ဥက္ကဋ္ဌဖြစ်သူက နိုင်ငံတော်မှ ချထားသော ပေးသောမြေကွက်တွင် အိမ်ဆောက်နေသဖြင့်  လိုအပ်သော အိမ်ဆောက်ပစ္စည်းများကို အစိုးရဌာနများထံ လျှောက်ထားပါသည်။ ထိုအခါ အဖော် ရရှိစေရန်အတွက် ကျွန်တော့်ဝန်ထမ်းတစ်ဦးကို ခေါ်ဆောင်သွားလေ့ ရှိပါသည်။ ထိုဝန်ထမ်းကလည်း ဥက္ကဋ္ဌကို အကြောင်းပြု၍ သူ့အတွက် လိုအပ်သောပစ္စည်းများကို လျှောက်ထားရယူလေ့ ရှိပါသည်။ ထိုဝန်ထမ်းက သူ အနေချောင်ရန်အလို့ငှာ ဥက္ကဋ္ဌနှင့်အတူသွား၊ အတူလာသည့်အခါတိုင်း ရုံးအကြောင်းနှင့် ကျွန်တော်တို့အကြောင်း သာသာထိုးထိုး မကောင်းပြောလေ့ ရှိကြောင်းလည်း သိရပါသည်။

ရန်ကုန်တိုင်းတွင် ထိုအချိန်က နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားများကို အကျယ် မချဲ့စေဘဲ အကျဉ်းရုံးကျင်းပစေပြီး ရုံးခန်းများ၊ ခန်းမများတွင် ဌာနဆိုင်ရာ အကြီးအကဲနှင့် ရပ်ကွက်အကြီးအကဲများကိုသာ တက်ရောက်စေပါသည်။ ကျွန်တော့်မှာ အခမ်းအနား ကျင်းပမည့်နေ့တွင် စောစီးစွာ လာရောက်၍ ရုံးတာဝန်ကျသူများကိုနှိုးခြင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက် အကြီးအကဲများထံ ကိုယ်တိုင် ဖုန်းဆက်ခြင်းနှင့် ဖုန်းဆက်စေခြင်းများ ဆောင်ရွက်ပါသည်။ ၎င်းတို့အား ဧည့်ခံကျွေးမွေးရန်အတွက်လည်း စီစဉ်ဆောင်ရွက်ပါသည်။ တစ်ခါတွင် ထိုကဲ့သို့ ဆောင်ရွက်ပြီးနောက် ခန်းမအတွင်းသို့သွားရာ ဥက္ကဋ္ဌဖြစ်သူက “ဦးအောင်သိန်းညွန့် မလာသေးဘူးလား”ဟု မေးသည်ကို ထိုဝန်ထမ်းက “ဒီအချိန် ဘယ်တုံးက ရောက်ဖူးလို့လဲ”ဟု ပြောလိုက်သည်ကို ကြားလိုက်ရပါသည်။ ကျွန်တော်က နောက်မှနေ၍ “ဗိုလ်မှူး ... ကျွန်တော် ရောက်နေတာကြာပါပြီ”ဟူ၍ ပြောလိုက်ရာ အဆိုပါဝန်ထမ်းမှာ မျက်စိမျက်နှာ ပျက်သွားပါသည်။ ထို့နောက် ဥက္ကဋ္ဌပြောင်းရွှေ့သွားပြီး ကျွန်တော်တို့ အရပ်သားအရာရှိများကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်သောအခါ အဆိုပါဝန်ထမ်းကို ကျွန်တော်က အငြိုး အတေး မထားဘဲ နေရာပေးကာ ဆက်ဆံသဖြင့် သူ့အမှားကို သူသိသွားပုံ ရပါသည်။ အဆိုပါဝန်ထမ်းမှာ ဥက္ကဋ္ဌနှင့်ကပ်၍ အခွင့်အရေးများ ရယူခဲ့သလို ဥက္ကဋ္ဌနာမည်သုံး၍ ဆန်၊ ဆီ စသည်များ တောင်းခံသည်ကို ဥက္ကဋ္ဌ သိရှိသွားပါသည်။ ဥက္ကဋ္ဌမှာ တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအထိ တာဝန်ထမ်းဆောင်ခဲ့ကာ ယခုအခါ တပ်မှအငြိမ်းစားယူပြီး ကျွန်တော်နှင့် ယနေ့တိုင် ခင်မင်ရင်းနှီးစွာ ဆက်ဆံလျက် ရှိပါသည်။ လူကြီးချင်း နားလည်မှုရှိပြီး သဘောထားကြီးကြသဖြင့် ကြားမှနေ၍ အခွင့်အရေး ရလိုသူတို့၏ သွေးထိုးစကား မပေါက်ရောက်ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ယခုအခါ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ အဆင့်ဆင့်သော လွှတ်တော်များ၊ ပြည်ထောင်စုတရား လွှတ်တော်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများ၊ လူမှုစီးပွားအဖွဲ့အစည်းများနှင့် သတင်းမီဒီယာ ပေါင်းစုံ စသည်ဖြင့် ရှိကြပါသည်။ အဖွဲ့အစည်း အသီးသီးတွင် ခေါင်းဆောင်များနှင့် နောက်လိုက်များလည်း ရှိကြသည် ဖြစ်ရာ လက်အောက်ငယ်သားတို့၏ အပြောအဆို၊ အနေအထိုင်၊ အပြုအမူ စသည်တို့ကို သတိပြု ဆင်ခြင်နိုင်မှသာလျှင် တော်ရုံကျပါမည်။ မည်သူမဆို ကိုယ့်ခေါင်းဆောင်ကို ပို၍အထင်ကြီး အလေးထားကြသည်၊ ပို၍တန်ဖိုးထားကြသည်။ ထို့ကြောင့် ကိုယ့်ခေါင်းဆောင်ကို ကိုယ်က ချီးမွမ်းပြောဆိုရင်း၊ အမွှမ်းတင်ရင်း အခြားအဖွဲ့အစည်းမှ ခေါင်းဆောင်ကို နှိမ့်ချသလိုမျိုး ဖြစ်သွားနိုင်ပါသည်။ ထိုအခါ အခြားအဖွဲ့အစည်းကလည်း သူတို့ခေါင်းဆောင်ကို ထိုကဲ့သို့ ပြောဆိုရပါ့မလားဟုဆိုကာ အပြန်အလှန် ပြောဆိုကြခြင်းဖြင့် အဖွဲ့အစည်း အချင်းချင်းအကြား မုန်းတီးမှုများ ဖြစ်ပွားလာနိုင်ပါသည်။ ထို့အပြင် လူငယ်တွေအကြား အချင်းချင်း စကားနိုင်လု၍ ပြောဆိုခြင်းကို မီဒီယာများကလည်း မဖော်ပြဖို့လိုပါသည်။ မည်သူက မည်သည့်နေရာတွင် မည်ကဲ့သို့ ပြောဆိုလိုက်သည် ဆိုသည်မျိုးကိုလည်း ဆောင်းပါးရှင်များနှင့် မီဒီယာများက သတိပြု၍ ဖော်ပြစေလိုပါသည်။ ဆရာကြီးလုပ်ခြင်း မဟုတ်သော်လည်း ခေါင်းဆောင် အချင်းချင်း မညီမညွတ်ဖြစ်လျှင် ကြားက တိုင်းပြည်ပင် နစ်နာမည် ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် တစ်ချိန်တုန်း ကလို ခေါင်းဆောင်အချင်းချင်း၊ ပါတီအချင်းချင်း မညီညွတ်၍ ကွဲကြပြဲကြမည့်အဖြစ်မျိုးသို့ ဦးတည်သွားခြင်းမျိုးကိုလည်း မဖြစ်စေလိုပါ။

ဆိုရလျှင် ယနေ့နိုင်ငံတော်ကို ဦးဆောင်နေသည့် ခေါင်းဆောင်ကြီးများသည် နိုင်ငံတော်ကို အမှန်တကယ် ချစ်ခင်မြတ်နိုးပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးအတွက် မိမိတတ်နိုင်သလောက် စွမ်းနိုင်သလောက် ကြိုးပမ်းအားထုတ်နေကြသူများ ဖြစ်သည်ဆိုခြင်းမှာ မည်သည့်အကြောင်းကြောင့်မျှ သံသယဖြစ်စရာ အကြောင်းမရှိပါ။ အမှန်တကယ်တော့ ယနေ့ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့၏ အကျိုးစီးပွားအတွက် အထက်တွင် ဖော်ပြခဲ့သည့် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များတို့သည် အချင်းချင်း တိုင်ပင်ညှိနှိုင်း ဆွေးနွေးကြလျက် စည်းလုံးညီညွတ်စွာ စုပေါင်း ဆောင်ရွက်နေကြပါသည်။ မလိုသူများက မိမိတို့အနေချောင်၊ အစားချောင်၍ မဟုတ် မတရား စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်နှင့် တရားဥပဒေမဲ့ အပြုအမူများကို ဆောင်ရွက်နိုင်ကြစေရန် အလို့ငှာ နိုင်ငံ့ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများ၏ မညီမညွတ်ဖြစ်ရေးကို ဦးတည်သည့် ပြောဆိုရေးသားမှုများကို ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။

ပြည်သူတို့အနေနှင့် ဤကဲ့သို့သော ပြောဆိုရေးသားမှုများကို နားမယောင်ကြရန်နှင့် ယနေ့ ခေါင်းဆောင်များသည် တည်ဆဲ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာကြသူများ ဖြစ်ကြပါကြောင်းနှင့် အခြေခံ ဥပဒေနှင့်အညီသာ လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြပါကြောင်း ရေးသားလိုက်ရပါသည်...။

သိန်းထက်အောင်



FOLLOW US