News

POST TAGGED AS

နိုင်ငံတော်ပုန်ကန်မှု

ဒေါက်တာအေးမောင်အမှုတွင် သက်သေခံအသံဖိုင် ဖွင့်၍စစ်ဆေးရာ အမှုဖွင့်တိုင်ကြားစာနှင့်ကွဲလွဲ

စစ်တွေ၊ ဩဂုတ် ၆

နိုင်ငံတော်ပုန်ကန်မှု ပုဒ်မဖြင့် တရားစွဲခံနေရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အမှုတွင် သက်သေခံအဖြစ်တင်သွင်းထားသော အသံဖိုင်ကိုဖွင့်၍ စစ်တွေခရိုင် တရားရုံး၌ တိုက်ဆိုင်စစ်ဆေးရာ အမှုဖွင့် တိုင်ကြားစာနှင့် ကွဲလွဲမှုများရှိနေကြောင်း အကျိုးဆောင်ရှေ့နေများထံမှသိရသည်။

၎င်းတို့နှစ်ဦးကို ဩဂုတ် ၆ ရက်နေ့ ၂၀ ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုဘက်မှတင်သွင်းသည့် အသံဖိုင်ကို တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်သော်လည်း ပြီးပြတ်မှုမရှိကြောင်း၊ အသံဖိုင်ဖွင့်၍ စစ်ဆေးရာ၌ အရေးကြီးသော စကားလုံးများတွင် မတူညီဘဲကွဲလွဲမှုရှိခြင်း၊ စာပိုဒ်များကို ချန်ထားခြင်းများ ရှိသော်လည်း အချို့အချက်အလက်တွင် တူညီမှုများရှိကြောင်း၊ ဝေဟင်အောင်၏ အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်ထံမှ သိရသည်။

“ဒီဟောပြောခြင်းရဲ့အကြောင်းအရာတွေဟာ စ၊ လယ်၊ ဆုံး သုံးပါး ညီညွတ်စွာ သုံးသပ်ပြီးမှ အဖြေမှန်ကို ထုတ်နိုင်မယ်၊ ကိုယ်လိုတာ ဆွဲထုတ်ပြီးတော့ စွပ်စွဲတာမျိုးတွေဟာ အမှန်တရားကို ဘယ်တော့မှမရနိုင်ဘူး”ဟု ဒေါ်အေးနုစိန်က ပြောသည်။

တရားလိုဘက်က တင်သွင်းထားသော အသံဖိုင်ခွေ လေးခွေရှိပြီး ဩဂုတ်လ ၆ ရက် ရုံးချိန်းအတွက် အသံဖိုင်နှင့်လည်းကောင်း၊ အမှုတွဲ၌တင်သွင်းထားသည့် စာနှင့်လည်းကောင်း တူညီမှု ရှိ မရှိ စစ်ဆေးကြရာ စာမျက်နှာ ခုနစ်မျက်နှာသာ မှတ်တမ်းတင်နိုင်ခဲ့သဖြင့် ကျန်ရှိသော အချက်အလက်များကို မှတ်တမ်းတင်ရန် ဩဂုတ်လ ၁၃ ရက်သို့ ထပ်မံချိန်းဆိုထားကြောင်း အကျိုးဆောင်ရှေ့နေများထံမှ သိရသည်။

ဇန်နဝါရီ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်၌ ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်းနေ့ ဝမ်းနည်းဖွယ် အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ၌ ဟောပြောခဲ့မှုနှင့်ပတ်သက်၍ ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော် ပုန်ကန်သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) နှင့် မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲဆိုထားသည်။

R-22



FOLLOW US