News

POST TAGGED AS

ကြွက်

11-Jun-2017

ကြွက်
ဧရာတိုင်းက ကြွက်ပုံပြင်

ညနေမှောင်ရီပျိုးချိန်တွင် ရိုးမတောင်တန်းများပေါ်မှ ကြွက်များ တောက်လျှောက်ဆင်းလာပြီး စိုက်ပျိုးရေးခြံနှင့် လူနေအိမ်များ ဝန်းကျင်အထိ အုပ်လိုက်အုပ်လိုက် ရောက်ရှိလာသည်။ ကြွက်များကို အစုလိုက် အပြုံလိုက်တွေ့လိုက်ရသဖြင့် ကျေးရွာသားများ အထိတ်တလန့် ဖြစ်ကုန်ကြသည်။  

မည်ကဲ့သို့ အကြောင်းရင်းကြောင့် ယခုကဲ့သို့ ဖြစ်ပေါ်လာသနည်း။ အစာရေစာ ရှားပါးမှုကြောင့်လား။ သိပံ္ပပညာဖြင့် အတည် မပြုနိုင်သည့် သဘာဝလွန် ဖြစ်ရပ်လား၊ သဘာဝ ဘေးအန္တရာယ် ဖြစ်လာနိုင်သည့် အခြေအနေ အကြောင်းခြင်းရာကို အသိပေးခြင်းလား။

“ရွာနားကို တရွေ့ရွေ့နဲ့ ဝင်လာတာ။ တချို့ သစ်ပင်ပေါ်မှာ၊ တချို့က မြေကြီးပေါ်မှာ အများကြီး တွေ့တယ်”ဟု ကံချိုင်ကျေးရွာမှ ဦးချိုလွင်အောင်က ဆိုသည်။ 

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ ညက ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ ကံချိုင်ကျေးရွာအုပ်စု ကံချိုင်ရွာ၊ ဇီးချိုင်ရွာ၊ ငွေတောင်ရွာတို့အတွင်းကို ကြွက်ဝမ်းဖြူများ ဝင်ရောက်လာပုံကို ပြန်လည်ပြောပြနေခြင်း ဖြစ်သည်။

ကြွက်အမျိုးအစားများတွင် ကြွက်ဝမ်း ဖြူ၊ ကြွက်ဖလောင်း၊ မြေကြွက်၊ လယ်ကြွက် အမျိုးအစားများ ပါဝင်သည်။ ကြွက်ဝမ်းဖြူများက အစုလိုက် အပြုံလိုက်နေသည့်  သဘောသဘာဝ ရှိသည်။ အပင်ပေါ်တက် ကျွမ်းကျင်ပြီး ခြုံတော၊ ဝါးတော၊ သီးနှံ စိုက်ခင်းများနှင့် အိမ်ကြားထဲတွင် နေထိုင်ကြသည်။ ၎င်းတို့ အကြိုက်ဆုံး အစားအစာမှာ သီးနှံများဖြစ်ပြီး ထိုအစားအစာများကို စားသုံးရပါက သားပေါက်ဖွားနှုန်းများကာ ၎င်းတို့မကြိုက်သည့် အစားအစာကို စားသောက်နေရပါက သားဖွားနှုန်း လျော့နည်းသည်။

ယခုရာသီမျိုးတွင် ရိုးမတောထဲမှ ဝါးပင်များ အသီးသီးလေ့ရှိသည်။ ထိုဝါးသီးများက ကြွက်ဝမ်းဖြူများ နှစ်သက်သည့် အစားအစြာ ဖစ်သည်။ ဝါးပန်းပွင့်ပြီး ဝါးသီးများသီရာ ထိုဝါးသီးများကိုစားပြီး ကြွက်များ၏ သားပေါက်နှုန်း အားကောင်းကြောင်း ဂေဟဗေဒပညာရှင် ဒေါက်တာ ညိုမီထွေးက ဆိုသည်။

ထိုကဲ့သို့ အစာရေစာ ပေါများချိန်တွင် ပေါက်ဖွားထားသော သားပေါက်များသည် တစ်လသား အရွယ်တွင် နို့ပြတ်၍ နှစ်လသား အရွယ်တွင် မိတ်လိုက်နိုင်ကာ  သားပေါက်နိုင်သည့် အရွယ်ကို ရောက်နေကာ အစာရေစာ ပေါများနေပြီး လုံခြုံသည့်နေရာဖြစ်ပါက သားပေါက်နှုန်း တိုးလာကြောင်း ၎င်းကဆိုသည်။

“ကြွက်တစ်ကောင်က ၂၁ ရက် ကိုယ်ဝန်ဆောင်တယ်။ သားပေါက်တာက ငါးကောင်နဲ့ ခြောက်ကောင်ကြား ရှိတယ်။ အထီး သုံးကောင်နဲ့ အမ သုံးကောင်ပါတယ်။ အဲ့ဒီလို ကလေးတွေ မွေးပြီး အစားတွေ ကောင်းနေရင် မိခင်ကြွက်မကြီးက ၂၄ နာရီအတွင်း ကိုယ်ဝန်ပြန်ဆောင်တယ်။ အဲ့ဒီတော့ တစ်လခြား တစ်ခါပေါက်တယ်”ဟု ဂေဟဗေဒပညာရှင် ဒေါက်တာညိုမီထွေးက ဆိုသည်။

ထိုကြွက်တို့ ရွာထဲ အလုံးအရင်းဖြင့် ဝင်ချိန် လူအများ ထိတ်လန့်ကုန်ကြသည်။

“၃ ရက်နေ့ ည (ဇွန်လ) က စတွေ့တာ၊ တွေ့တာနဲ့ သတ်တော့တာပဲ။ နောက်ပိုင်း များလာတယ်။ အကုန် လိုက်သတ်တာပဲ။ အပင်ပေါ် ဟိုကြားဒီကြားထဲ ပြေးလွှားနေတာ”ဟု ဦးချိုလွင်အောင်က ဆိုသည်။

ထိုဒေသတွင် ယင်းအခြေအနေမျိုး ယခင်က တစ်ခါမျှ မဖြစ်ခဲ့ဖူးပါ။ ဖြစ်ရသည့် အကြောင်းအရင်းကို သိရှိရသည့်အတွက်ကြောင့် များစွာ မစိုးရိမ်ကြောင်း ၎င်းက  ဆက်လက် ပြောကြားသည်။

ကြွက်များကို သက်ဆိုင်ရာ ရွာသားများနှင့် သက်ဆိုင်ရာ ဌာနဆိုင်များ ပူးပေါင်းပြီး နှိမ်နင်းနေကြောင်း ၎င်းကဆိုသည်။

ကြွက်နှိမ်နင်းရေးလုပ်ရာတွင် နည်းလမ်း အမျိုးအစားပေါင်း နှစ်ရာကျော်ရှိကာ ဒေသခံများ အသုံးတည့်သည့် နည်းလမ်းအချို့ကိုသာ အသုံးပြုပြီး နှိမ်နှင်းနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန ပုသိမ်မြို့နယ်ခရိုင် ဦးစီးမှူး ဦးစိန်မောင်မြင့်က ဆိုသည်။

“အဲဒီအကောင်တွေက တဖြည်းဖြည်း များလာနေချိန်မှာ အစာရေစာ ရှားပါးကုန်တဲ့အခါကျတော့ ကြွက်ထီးတွေ ဦးဆောင်ပြီး အစာရှာထွက်လာတယ်။  နောက်တော့ လူတွေနေတဲ့အနား၊ စိုက်ပျိုးရေးလုပ်တဲ့ နေရာတွေအထိ ရောက်လာကြတယ်”ဟု ၎င်းကဆိုသည်။

အထူးသဖြင့် ထောင်ချောက်ဆင်ခြင်း၊ ဆန်ကွဲများကို အရက်ဆီ နယ်ထည့်ပြီး ကျွေးခြင်း၊ ဘောကွင်း ချဖမ်းဆီးခြင်းများ ပြုလုပ်ကာ ကြွက်များကိုစုပေါင်းပြီး မြေမြှုပ်ကြကြောင်း ၎င်းကဆိုသည်။ လာမည့် ရက်သတ္တတစ်ပတ်အတွင်း ရှင်းလင်းရေး လုပ်ဆောင်လိုက်ပါက ကြွက်များရှိတော့မည်မဟုတ်ဟု ၎င်းထံမှ သိရသည်။
 
ရွာထဲအနီးရောက်ရှိလာသည့် ကြွက်များထဲမှ ပထမဆုံးအကြိမ်တွင် ဖမ်းဆီးရမိသော ကြွက်များမှာ အရွယ်ရောက် အထီးကောင်များဖြစ်ကြောင်း ၎င်းထံမှသိရသည်။ အဆိုပါ ကြွက်များ ဝင်ရောက်လာချိန်တွင် ရွာသားများက ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြသည်။ စိုက်ပျိုးရေး ခြံများအနီး ဝင်ရောက်မည်ကို ရွာသားများမှာ စိုးရိမ်ခဲ့ကြသည်။

ကြွက်အစုလိုက် အပြုံလိုက် ဝင်ရောက်သည့်ဇာတ်လမ်းများ ယခင်ကလည်း ရှိခဲ့သည်။ ၂၀ဝ၈ ခုနှစ်က နာဂစ်မုန်တိုင်းအပြီးတွင် ဧရာဝတီတိုင်းဒေသကြီးရှိ လယ်ယာ မြေများထဲ ကြွက်များ ပေါများခြင်း၊ ချင်းပြည်နယ်တွင် ဝါးများပွင့်ရာက ကြွက်များ ပေါက်ဖွားကာ သီးနှံများကို ဖျက်ဆီးခြင်း၊ ၂၀၁၀ ပြည့်နှစ်တွင် နေပြည်တော်  အမြန်လမ်းတွင် ကြွက်များ ဖြတ်ပြေးခြင်း၊ ၂၀၁၄ ခုနှစ်တွင် ပြင်ဦးလွင် လျောပြာကျေးရွာတွင် ကြွက်ဖလောင်းများ အုပ်စုလိုက် သေခြင်းတို့ ဖြစ်ပွားခဲ့သည်။ 

ကြွက်များ ယခုကဲ့သို့ အများအပြား ထွက်ပေါ်လာခြင်းနှင့် သဘာဝဘေး အန္တရာယ် အဆက်အစပ် ရှိသလော။

ယင်းကဲ့သို့ ကြွက်ဝမ်းဖြူကောင်များ ထွက်ပေါ်လာခြင်းမှာ သဘာဝဘေး အန္တရာယ်တစ်ခုခု ဖြစ်ပေါ်လာနိုင်သည့် ရှေ့ပြေးနိမိတ် တစ်ခုဆိုပါက ကြိုတင်ပြင်ဆင်ထားလိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး နှိုးဆော်ထားသည်။ 

“အခု ကြွက်ဝမ်းဖြူကောင်တွေ အစုလိုက် အပြုံလိုက် ပြောင်းတာဟာ အစာရေစာကြောင့် ပြောင်းတာဖြစ်နိုင်သလို မြေငလျင်တစ်ခုရဲ့ ရှေ့ပြေးအနေနဲ့ ပြောင်းလာတာလည်း ဖြစ်နိုင်ပါတယ်။ အိန္ဒိယသမုဒ္ဒရာ ဆူနာမီဖြစ်အပြီး ဒီဒေသမှာ မြေငလျင် အန္တရာယ်တွေ မြင့်တက်လာခဲ့တယ်ဆိုတာလည်း မှန်ပါတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

သို့သော်လည်း ဂေဟဗေဒပညာရှင် ဒေါက်တာညိုမီလွင်ကမူ မြန်မာနိုင်ငံမှ ကြွက်ဝမ်းဖြူများသည် တွင်းအောင်းနေထိုင်သည့် အလေ့အထ မရှိ၍ သဘာဝဘေးကို ကြိုမသိနိုင်ဟုဆိုသည်။

ကြွက်များကို စနစ်တကျ လေ့လာရာတွင် ကြွက်များမှာ အနံ့ခံအင်္ဂါကောင်းမွန်ပြီး အမြင်အာရုံ ချို့ယွင်းသည့်သဘော သဘာဝရှိကြောင်း ၎င်းကပြောဆိုသည်။

ထိုကြွက်များကို အာဖရိကတိုက်တွင် ဗုံးအနံ့ခံခြင်းနှင့် တီဗီအနံ့ခံခြင်းတို့တွင် အသုံးပြုကြသည်။

ကြွက်များ ရောက်ရှိရာ ကျေးရွာများကို ကွင်းဆင်း လေ့လာရာတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေး အန္တရာယ် တစ်ခုခုဖြစ်နိုင်သည့် အခြေအနေကိုပြသည့် ပုံရိပ်များ မတွေ့ရကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ပုသိမ်မြို့နယ်ခရိုင် ဦးစီးမှူး ဦးစိန်မောင်မြင့်က ဆိုသည်။ 

လက်ရှိ ကွင်းဆင်းလေ့လာချက်အရ အဆိုပါကျေးရွာများသို့ ကြွက်အကောင်ရေ တစ်သောင်းခန့် အများဆုံး ဝင်ရောက်ခဲ့သည်။ အဆိုပါ ကြွက်များကို ဓာတ်ခွဲစစ်ဆေးရာတွင် ပုလိပ်ရောဂါ ဖြစ်စေနိုင်သည့် ရောဂါပိုးမွှားမတွေ့ရဟု ၎င်းက  ဆိုသည်။

လက်ရှိ အဖြစ်အပျက်သည် ဝါးတောများအတွင်း အစာရေစာ ရှားပါးခြင်းကြောင့်သာ ကျေးရွာထဲကို ဝင်လာခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တို့က သုံးသပ်ကြသည်။

ဂေဟဗေဒပညာရှင် ဒေါက်တာ ညိုမီထွေးက ယခုကဲ့သို့ သတိပေးသည်။

“ဘေးပတ်ဝန်းကျင်မှာ ဝါးတောရှိတဲ့ နေရာတွေမှာ ဝါးပန်းပွင့်ပြီဆိုရင် သတိထားပေတော့။ ဝါးပန်းပွင့်ပြီး ဝါးသီးစားပြီး ငါးလအကြာမှာ ကြွက်တွေ ရွာထဲဝင်မလာနိုင်အောင် ကြိုတင် ပြင်ဆင်ချိန်ရတယ်”။

ဥမ္မာလွင်

  • VIA


FOLLOW US