News

POST TAGGED AS

ကြိုးတံတား

ဝါးခယ်မရှိ ကြိုးတံတား ၃ စင်းအတွက် သတ်မှတ်ချက်ထုတ်ပြန်
ပုသိမ်၊ မေ ၂၇

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်ရှိ ကြိုးတံတား ၃ စင်း၏ ကြံ့ခိုင်မှုအခြေအနေများကို စစ်ဆေးခဲ့ပြီးနောက် စစ်ဆေးတွေ့ ရှိချက်များနှင့် သတ်မှတ်စည်းကမ်းချက်များကို လမ်းဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း ဝါးခယ်မမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ပြောကြားသည်။

“ဝါးခယ်မမြို့နယ်မှာ ဝါးခယ်မကြိုးတံတား၊ ရွှေလောင်းကြိုးတံတားနဲ့ ကျွန်းကုန်းကြိုးတံတားဆိုပြီး ကြိုးတံတား ၃ စင်းရှိတယ်၊ ဒေသခံပြည်သူတွေအနေနဲ့ ကြိုးတံတားတွေပေါ်ကနေ စိတ်ချယုံကြည်စွာ သွားလာချင်ကြတယ်၊ တာဝန်ရှိတဲ့အထူးအဖွဲ့များနဲ့ စစ်ဆေးခဲ့ပြီးဖြစ်လို့ စိတ်ချယုံကြည်စွာ သွားလာနိုင်ရေးအတွက် သတင်းထုတ်ပြန်ပေးဖို့ လွှတ်တော်မှာ မေးခွန်းမေးလိုက်တော့ သူတို့ထုတ်ပြန်ပေးလိုက်ပါတယ်”ဟု ဦးဌေးအောင်က ပြောဆိုသည်။

အဆိုပါထုတ်ပြန်ချက်တွင် မေလ ၂၂ ရက်မှစ၍ ဝါးခယ်မကြိုးတံတားပေါ်သို့ (ကုန်+ယာဉ်) ၁၄ တန်၊ ကျွန်းကုန်းကြိုးတံတားပေါ်သို့ (ကုန်+ယာဉ်) ၁၃ တန်နှင့် ရွှေလောင်းကြိုးတံတားပေါ်သို့(ကုန်+ယာဉ်) ၁၀ တန်သာ ဖြတ်သန်းခွင့်ပြုပြီး ခရီးသည်များ လမ်းဆင်းလျှောက်ရမည်ဟု ဖော်ပြပါရှိကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ တန်ပိုယာဉ်များ ဖြတ်သန်းမှု မဖြစ်ပေါ်စေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ကျွန်းကုန်းကြိုးတံတားကို မေ ၁၀ ရက်တွင် ဂျပန်ကျွမ်းကျင်ပညာရှင်များမှ စစ်ဆေးပြီးဖြစ်ကြောင်း၊ ရွှေလောင်းတံတားကို ကုန်နှင့်ယာဉ် ၁၀ တန်အထိသာ ဖြတ်သန်းခွင့်ပြုထားကြောင်း၊ ဧရာဝတီတိုင်းရှိ ကြိုးတံတားများ၏ ခံနိုင်ရည်ရှိမှုကို နိုင်ငံခြားပညာရှင်များနှင့် ပူးပေါင်းစစ်ဆေးပေးရန်၊ စစ်ဆေးမည့် နေ့ရက်နှင့် အချိန်တို့ကို ပြုစုပေးပို့ရန်၊ စစ်ဆေးပြီးပါကလည်း အချက်အလက်များကို တရားဝင် အကြောင်းကြားပေးရန်နှင့် သတင်းထုတ်ပြန်ပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ကြောင်း၊ ဧရာဝတီတိုင်းအစိုးရ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပြသည်။

ဝါးခယ်မမြို့နယ်ရှိ ဝါးခယ်မကြိုးတံတားမှာ အရှည်ပေ ၆၀၀ ရှိကာ ၂၀၁၃ ခုနှစ်တွင် လည်းကောင်း၊ ကျွန်းကုန်း ကြိုးတံတားမှာ အရှည်ပေ ၄၂၀ ရှိပြီး ၂၀၀၉ခုနှစ်တွင် လည်းကောင်း၊ ရွှေလောင်းတံတားမှာ အရှည်ပေ ၅၀၀ ရှိပြီး ၂၀၀၂ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ 

ဧရာဝတီတိုင်းရှိ မြောင်းမြကြိုးတံတားမှာ ဧပြီ ၁ ရက်က ပြတ်ကျသွားရာ ဒေသခံပြည်သူများအနေနှင့် သွားလာရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေရကြောင်း၊ တိုင်းရှိ ကျန်ကြိုးတံတားများ (ပုသိမ်၊ လပွတ္တာ၊ ဝါးခယ်မ၊ ကျွန်းကုန်း၊ ရွှေလောင်း) ပေါ်မှ ဖြတ်သန်းသွားလာနေကြရသော ပြည်သူများမှာလည်း စိုးရိမ်ထိတ်လန့်မှုများဖြင့် သွားလာနေရသည်။ 

R-11



FOLLOW US