News

POST TAGGED AS

ကြိုးဆွဲချသေဆုံးမှု

မိဘနေအိမ် မပြန်ရ၍ဟုဆိုကာ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
ရန်ကုန်၊ မေ ၅

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ ဗိုလ်အောင်ကျော်လမ်းတွင် အသက်၁၉ နှစ်အရွယ် အမျိုးသမီးမှာ ၎င်း၏ မိဘနေအိမ်သို့ မပြန်ရ၍ဟုဆိုကာ ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကြိုးဆွဲချသေဆုံးသူမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ရှိ ကုလားစုကျေးရွာတွင် ယခင်ကနေထိုင်သူဖြစ်ပြီး အိမ်ထောင်ကျပြီးနောက် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၌ ၎င်း၏ခင်ပွန်းနှင့်အတူ လိုင်းခန်းတစ်ခုတွင် ငှားရမ်းနေထိုင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၁၅ ရက်ခန့်က မိဘနေအိမ်သို့ ပြန်လိုက်ပို့ပေးရန် ခင်ပွန်းဖြစ်သူကို အမြဲပြောဆိုလေ့ရှိကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ရဲအရာရှိတစ်ဦးက ပြောသည်။

“သေဆုံးသူ အမျိုးသမီးက လှိုင်သာယာမှာနေရတာ သူ မပျော်ကြောင်း၊ မိဘတွေ နေအိမ်ကိုပြန်လိုကြောင်း နေ့စဉ် ပြောဆိုလေ့ရှိတယ်လို့ သူ့ယောက်ျားဖြစ်သူက ပြောတယ်။ မိဘတွေနဲ့ခွဲနေရလို့ စိတ်အားငယ်ပြီး ကြိုးဆွဲချ အဆုံးစီရင်သွားတဲ့ သဘောပေါ့။ ဒါပေမဲ့ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ် မဟုတ်ကို သိရအောင် ရုပ်အလောင်းကို ဆေးရုံပို့စစ်ဆေးထားတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

နေအိမ်ထဲတွင် ကြိုးဆွဲချသေဆုံးခဲ့သော အမျိုးသမီး၏ ရုပ်အလောင်းကို လှိုင်သာယာမြို့နယ် ဆေးရုံသို့ တင်ပို့ထားပြီး လှိုင်သာယာ မြို့မရဲစခန်းက သေမှု သေခင်း အမှတ်စဉ် ၂၉/၁၈ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US