News

POST TAGGED AS

မြို့ဟောင်း

ပဲခူးရှိ မြို့ဟောင်းနှင့် ကျုံးများ တူး​ဖော်​ပြုပြင်မည်
တောင်​ငူ၊ မတ်​ ၈

တောင်​ငူဘုရင်​ ဘုရင့်​နောင် တည်​​ထောင်​ခဲ့သည့် ပဲခူးမြို့ ဟံသာဝတီမြို့ရိုး​ဟောင်း၊ ကျုံး​ဟောင်းများနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကို ကျပ်သိန်း ၄၇၀၀ ကျော်အထိ သုံးစွဲ၍ ပြန်လည်တူးဖော် ပြုပြင်ထိန်းသိမ်းရန် လျာထားကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

၂၀၁၈-၁၉ ဘဏ္ဍာ​နှစ်​အတွင်း ပဲခူးမြို့ရိုးနှင့် ကျုံးများပြန်လည်တူး​ဖော်​ရန်​ ကျပ်သိန်း ၂၀၀၀၊ တောင်ငူကျုံး ပြန်လည်တူးဖော်နိုင်ရေးအတွက် ကျပ်သိန်း​​ ၂၀၀၀ နှင့် ပြည်မြို့၊ သရေခေတ္တရာမြို့ဟောင်း ပြုပြင်ထိန်းသိမ်း​ရန်​ ​ကျပ်သိန်း ၇၅၀ သုံးစွဲရန်လျာထား​ကြောင်း၊ ထို့ပြင် ပဲခူးမြို့ နန်း​တော်​ရာ​ဟောင်း​ မြေဧရိယာ ၅ ဧကကျော်အတွင်း​ အများပြည်​သူ အနားယူအပန်း​ဖြေ​နိုင်​ရေးအတွက်​လည်း ထည့်သွင်းအ​ကောင်အထည်​​ဖော်မည်ဖြစ်ကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။

“​(ပဲခူးမြို့ရိုးနှင့် ကျုံးများပြန်ပြင်ရန်) ခန့်မှန်းကုန်​ကျ​ငွေ ကျပ်​သိန်းနှစ်​​ထောင်​ကို လာမယ့်ဘဏ္ဍာ​နှစ်​ထဲမှာ တင်​ပြတောင်းခံသွားပါမယ်​။ ရလာတဲ့​ငွေကြေး​​ပေါ်မှာ မူတည်​ပြီး အပိုင်းလိုက်​တစ်​ခုချင်း ပြန်​လည်​တူး​ဖော်​ပြုပြင်​ထိန်းသိမ်း​သွားမှာဖြစ်​သလို ကျွမ်းကျင်​ပညာရှင်​​တွေ​နဲ့​ အဖွဲ့​တွေဖွဲ့ပြီး ​ဆောင်​ရွက်​သွားမှာပါ”ဟု ရှေး​ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်​ဦးစီးဌာန (ပဲခူးဌာနခွဲ) ညွန်​ကြား​ရေးမှူး ဦးညိုဝင်းမြင့်က ​ပြောကြားသည်​။

အဆိုပါနေရာများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မတ်​လ ပထမပတ်​အတွင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအ​ဝေးခန်းမ​ဆောင်​တွင်​ ပဲခူးတိုင်း ဝန်​ကြီးချုပ်​ ဦး​ဆောင်​ပြီး​ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်​ ဦးစီးဌာနမှ တာဝန်​ရှိသူများအပါအဝင် ရှေးဟောင်းသုတေသနပညာရှင်​များ ဆွေး​နွေးမှုများပြုလုပ်​ခဲ့ကြောင်း ပဲခူးတိုင်​​ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်​။

ပဲခူးမြို့သည် ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်​သည့်ဘုရင် နန်းစိုက်ခဲ့သည့် မြို့တော်တစ်ခုဖြစ်ပြီး အစဉ်အလာကြီးမားသည့် မြို့တော်ဟောင်းတစ်ခုဖြစ်​သည့်အတွက်​ မြို့ရိုးဟောင်းနှင့် ကျုံးများ ပြန်လည်တူးဖော်နိုင်မည်ဆိုပါက ပြည်တွင်းပြည်ပခရီးသွားဧည့်သည်​များအတွက်​သာမက ​ဒေသအတွက်​ အလွန်အကျိုးဖြစ်ထွန်းစေမည်​ဖြစ်​ကြောင်း ​အဆိုပါ ဒေသခံများက ဆိုသည်​။

“ရှေး​ဟောင်းနယ်​​မြေထဲက ကျူး​ကျော်​​တွေကို ဖယ်​ရှားသင့်တယ်​။ ဒါပေမဲ့ မြို့​ဟောင်းနဲ့ မြို့ရိုး​ပေါ်မှာ စာသင်​ကျောင်း​တွေ၊ ဘုန်းကြီး​ကျောင်း​တွေ၊ ဌာနဆိုင်​ရာ​တွေကော တစ်​ကယ်​ဖယ်​ရှားမှာလား။ ညီတူညီမျှ မဖယ်ဘူးဆိုရင်​​တော့ ပြဿနာတစ်ခုဖြစ်​သွားမယ်”ဟု ပဲခူး​ဒေသခံ အငြိမ်းစား ပညာ​ရေးဝန်​ထမ်း ဦးခိုင်​​မောင်ရည်​က သုံးသပ်​​ပြောကြားသည်​။

ယင်းကဲ့သို့မြို့ရိုး​ဟောင်းနှင့် ကျုံး​ဟောင်းများ ပြန်​လည်​တူး​ဖော်​ထိန်းသိမ်း​ရေးအတွက်​ ဝန်​ကြီးချုပ်​ ဦးဝင်းသိန်း ဦးဆောင်​သည့်အဖွဲ့ဖြင့်လည်း​ကောင်း၊ မြို့ရိုးဟောင်းနှင့် ကျုံး​ဟောင်းအနီးတစ်​ဝိုက်​ ကျူး​ကျော်​နေထိုင်​သူများ ရှင်းလင်း​ရေးကို စည်​ပင်​သာယာ​ရေးနှင့် လူမှု​ရေးဝန်​ကြီး ​ဒေါ်ညွန့်ညွန့်​ဌေး ဦး​ဆောင်​သည့် အဖွဲ့ဖြင့်လည်း​ကောင်း နှစ်​ဖွဲ့ခွဲ၍ စီစဉ်​​ဆောင်​ရွက်​သွားမည်​ဖြစ်​ကြောင်း ပဲခူးတိုင်း​ဒေသကြီး အစိုးရအဖွဲ့က ထုတ်​ပြန်​ထားသည်​။

R-15



FOLLOW US