News

POST TAGGED AS

ငြိမ်းစုစီ

19-May-2018

ငြိမ်းစုစီ
NLD ရုံးချုပ်ရှေ့ ဆန္ဒပြပွဲ ဦးဆောင်သူသုံးဦးကို ငြိမ်းစုစီဥပဒေဖြင့်အမှုဖွင့်

ရန်ကုန်၊ မေ ၁၉

မြေယာ သိမ်းဆည်းခံရခြင်းကြောင့် ရန်ကုန်မြို့တော်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်ရှေ့တွင် ဆန္ဒပြခဲ့ကြသူများအနက် ဦးဆောင်သူသုံးဦးကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ -၂၀ ဖြင့် အမှုဖွင့်လိုက်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းဆုံအနီးရှိ NLD ပါတီရုံးချုပ်ရှေ့တွင် ဘီးလင်းမြို့နယ်မှ ကရင်တိုင်းရင်းသားများက မေလ ၁၉ ရက် နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြပွဲကိုဖြိုခွင်းကာ ဦးဆောင်သူသုံးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

ဦးဆောင်သူများဖြစ်သည့် နော်အေးအေးကြိုင်၊ ဦးတင်လုံး၊ ဦးစိုးမိုးတို့ကို ငြိမ်းစုစီဥပဒေပုဒ်မ - ၂၀ ဖြင့် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့်လိုက်ခြင်းဖြစ်သည်။
 
ဆန္ဒပြသူများသည် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ လယ်ယာမြေ ဧက ၁၃၀၀ ကျော်ကို စီးပွားရေး ကုမ္ပဏီတစ်ခုက သိမ်းဆည်းထားသည့်အပေါ် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒပြသူ အင်အား တစ်ရာနီးပါးခန့် ပါဝင်ခဲ့သည်။

ယင်းမြေနေရာများသည် ယခင် တပ်မတော် အစိုးရလက်ထက်ကတည်းက သိမ်းဆည်းထားသည့် မြေနေရာများဖြစ်ပြီး လက်ရှိ မွန်ပြည်နယ် အစိုးရ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များကလည်း လစ်လျူရှုထားခြင်းကြောင့် ပါတီရုံးရှေ့ထိ လာရောက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သည့် ဦးမောင်ရွှေက ပြောကြားသည်။

“အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အလုပ်မလုပ်လို့ ဒီပြဿနာ တက်နေတာ။ သူတို့က ပြည်သူတွေကို အကာအကွယ် ပေးရမယ့်အစား ခရိုနီတွေကို အကာအကွယ် ပေးနေသလိုဖြစ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါ ဆန္ဒပြသူများသည် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနရုံးတို့၌လည်း ဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဟု ပြောကြားထားပြီး လက်ရှိတွင် နေပြည်တော်သို့ သွားရောက်နေပြီဖြစ်ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားပါက ထိုသူကို တစ်လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ပြီး ယင်းပြစ်မှုကို ထပ်မံကျူးလွန်ပါက သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်ဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ တွင် ပြဋ္ဌာန်းထားသည်။

J-08



FOLLOW US