News

POST TAGGED AS

ငြိမ်းစုစီ

တာမွေအဝိုင်းဆန္ဒပြပွဲမှ ကျန်ခေါင်းဆောင် ကိုးဦးကို ဗဟန်းရဲစခန်းက အကြောင်းကြားစာပို့
ရန်ကုန်၊ မေ ၁၅

စစ်ပွဲများရပ်တန့်ရန် ဆန္ဒပြခဲ့သည့် တာမွေအဝိုင်းထိပ်ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ၌ မပါဝင်ခဲ့သော ဦးဆောင်သူကိုးဦးကို ငြိမ်း စု စီ ဥပဒေ ပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိစေရန် ၎င်းတို့ကို မေလ ၁၅ ရက်က ဗဟန်းရဲစခန်းက အကြောင်းကြားစာဖြင့် ပေးပို့ဆင့်ခေါ်ခဲ့သည်။

ကိုမိုဃ်းသွေး၊ မအိအိမိုး၊ မောင်ဆောင်းခ၊ ကိုပိုင်ရဲသူ၊ ကိုထက်ခိုင်စိုး၊ ကိုလင်းထက်နိုင် (ခ) ဂျိမ်း၊ မရှားယမုံ၊ မသဉ္ဇာရွှန်းလဲ့ရည်နှင့် ကိုသက်ဆွေဝင်းတို့ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

“ဟုတ်တယ်ဗျ။ ကျွန်တော်တို့ဆီ မနက်က အကြောင်းကြားစာ လာပို့သွားတာ၊ အခုကရဲစခန်းကို သွားနေတုန်းပါ”ဟု ကိုမိုးဃ်းသွေးကဆိုသည်။

ထို့အပြင် ၎င်းဆန္ဒပြပွဲတွင် ဖမ်းဆီးခံခဲ့ရသူ ၈ ဦးကိုလည်း အလားတူ ပုဒ်မ ၂၀ ဖြင့်ပင် တရားစွဲ၍ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး မေလ ၁၄ ရက်က မဟာဗန္ဓုလ ပန်းခြံအတွင်း ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲတွင် ပါဝင်သူ သုံးဦးကို ငြိမ်း စု စီ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့သေးသည်။

ငြိမ်းချမ်းရေး လှုပ်ရှားမှုများကြောင့် မေလအတွင်း တရားစွဲဆိုထားသောအမှု ၁၃ မှုရှိပြီး တက်ကြွလှုပ်ရှားသူ ၄၂ ဦး တရားရင်ဆိုင်နေရပြီး ရန်ကုန်တွင် ၇ မှု၊ မန္တလေးတိုင်းတွင် ၃ မှု၊ ကချင်ပြည်နယ်တွင် ၂ မှုနှင့် ပဲခူးတိုင်းတွင် ၁ မှုရှိကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် လှုပ်ရှားမှုအဖွဲ့) က မေလ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

ငြိမ်းချမ်းရေး အမြန်ရရှိရန် ငြိမ်းချမ်းရေး တောင်းဆိုသံများကို သက်ဆိုင်သူများ ကြားစေရန် လူငယ်များအနေဖြင့် ကျယ်ကျယ်လောင်လောင် အော်သင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်နှစ် လူငယ်စကားဝိုင်းများတွင် တိုက်တွန်းထားသည်။

ဧပြီလဆန်းမှစ၍ ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ အကြား တိုက်ပွဲများကြောင့် ယင်းပြည်နယ်ရှိ မြို့နယ် ၆ ခုမှ လူဦးရေ ၆၈၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မေလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ဝေလင်း



FOLLOW US