News

POST TAGGED AS

ခြိမ်းခြောက်

16-May-2017

ခြိမ်းခြောက်
မြယာကုန်းကိစ္စကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံရဟု ဒေါ်ဖြူဖြူသင်းဆို
ရန်ကုန်၊ မေ ၁၅

မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းတွင် ဖြစ်ပွားခဲ့သည့် လူစုလူဝေးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုခဲ့ပြီးနောက် အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုများ ကြုံတွေ့လာရကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မီဒီယာများထံ ပြောကြားသည်။

မြယာကုန်း ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ယင်းမြို့နယ်အတွင်းရှိ ဒေါ်ဖြူဖြူသင်း ရုံးခန်းအောက်နှင့် ၎င်းနေထိုင်ရာ တောင်ဥက္ကလာပမြို့နယ် အတွင်းရှိ နေအိမ်အနီးတစ်ဝိုက်၌ မျက်နှာစိမ်း အမျိုးသားများက လာရောက်စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီး ဖုန်းဆက်၍လည်း ခြိမ်းခြောက်ဆဲဆိုခြင်းများ ခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

“တောင်ညွန့်ဖြစ်စဉ်တွေအပြီး နောက်နေ့ ည ၁၁ နာရီကျော်လောက်ကြီးမှာ အမျိုးသားတစ်ယောက်က ဖုန်းဆက်ပြီး သတင်းစာထဲမှာ ဘာတွေပြောထားတာလဲ မေးတယ်၊ ပြီးတော့ ဆဲဆိုပြီး ဖုန်းချသွားတယ်၊ အစ်မ ရုံးအောက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်နဲ့ အိမ်ပတ်ဝန်းကျင်မှာလည်း လူစိမ်းအချို့လာပြီး စောင့်ကြည့်တာတွေ ရှိတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆက်လက်ပြောကြားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရုံးအောက်တွင် လာရောက်စောင့်ကြည့်နေသည့် အမျိုးသားနှစ်ဦးကို ဓာတ်ပုံများနှင့်တကွ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီး လက်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှ လာရောက်စောင့်ကြည့် လုံခြုံရေး ဆောင်ရွက်ပေးခြင်းများ ရှိကြောင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တွင်လည်း မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေး လာရောက်ဆောင်ရွက်ပေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မေလ ၉ ရက် ညပိုင်းအချိန် ခိုးဝင်ဘင်္ဂါလီများ ရှိနေသည်ဟုဆိုကာ မြယာကုန်းလမ်းနှင့် ၁၂၂ လမ်းရှိ တိုက်ခန်းတစ်ခုကို ဝင်ရောက်ရှာဖွေရာမှ လူစုလူဝေးနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က အင်အား ၃၀၀ ခန့်ဖြင့် သေနတ်ပစ်ဖောက် ထိန်းသိမ်းခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အဓိကပါဝင်ခဲ့သူဟု ဆိုသော သံဃာနှစ်ပါးနှင့် လူပုဂ္ဂိုလ်ငါးဦးကို မေလ ၁၁ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ဂ)/၃၄ ဖြင့် တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ကာ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။ 

S -03



FOLLOW US