News

POST TAGGED AS

ခြိမ်းခြောက်

သမ္မတထရမ့်နှင့် ဇာတ်ရှုပ်ကို နှုတ်ဆိတ်နေရန် ခြိမ်းခြောက်ခံခဲ့ရဟု အပြာမင်းသမီးပြော


ဝါရှင်တန်၊ မတ် ၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆက်ဆံပတ်သက်မှုများအကြောင်း နှုတ်ဆိတ်နေရန် ခြိမ်းခြောက်ခံခဲ့ရကြောင်း အပြာကားဇာတ်ဆောင်မင်းသမီး စတုန်မီဒန်နီယယ်က မတ်လ ၂၅ ရက်နေ့တွင် နာမည်ကြီး ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

CBS ရုပ်သံတွင် ပြသသည့် အန်ဒါဆင်ကူးပါး၏ 60 Minutes အင်တာဗျူးအစီအစဉ်တွင် ဒန်နီယယ်က ၂၀၀၆ ခုနှစ်တွင် တစ်ကြိမ် ထရမ့်နှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် သူ့ဇာတ်လမ်းကို ဖွင့်ချအသိပေးရန် သဘောတူခဲ့ပြီးနောက် လာ့စ်ဗီးဂတ်စ်ရှိ ကားပါကင်တစ်ခုတွင် လူတစ်ဦး၏ ခြိမ်းခြောက်ခဲ့ရကြောင်းတို့ကို ပြောကြားသွားခဲ့သည်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ လက်မှတ်ထိုးပေးခဲ့ရသော လျှို့ဝှက်ထားရှိရေးသဘောတူစာချုပ်မှ ကင်းလွတ်ခွင့်ရရန် ဒန်နီယယက်က ကြိုးစားလျက်ရှိသည်။ ယင်းသို့ ဇာတ်ရှုပ်ကို ဖွင့်မချရန် နှုတ်ပိတ်ခအနေနှင့် ဒေါ်လာ ၁၃၀,၀၀၀ အထိ ရခဲ့ပြီး ယင်းပေးချေမှုမှာ ထရမ့်မဲဆွယ်အဖွဲ့က ရန်ပုံငွေကို အလွဲသုံးခဲ့ခြင်းလောဆိုသည့် မေးခွန်းလည်း ထွက်ပေါ်နေသည်။ 

အဆိုပါ သဘောတူစာချုပ်တွင် ထရမ့်ကိုယ်တိုင် လက်မှတ်မထိုးဘဲ ထရမ့်၏ရှေ့နေကသာ လက်မှတ်ထိုးထားသောကြောင့် တရားမဝင်ဆိုသော အချက်ဖြင့် ဒန်နီယယ်က စာချုပ်ပယ်ဖျက်ပေးရန် တရားစွဲဆိုထားသည်။

ဒန်နီယယ်က ထရမ့်ကို သဘောမကျသလို ထရမ့်နှင့်လည်း လိင်ဆက်ဆံလိုခြင်းမရှိခဲ့ဟု ကူးပါးနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “ကျွန်မက ဒါကို စီးပွားရေးသဘောတူညီချက်တစ်ခုလို့ပဲ တွေးခဲ့တာ” ဟု ဒန်နီယယ်က ပြောကြားခဲ့သည်။ ထရမ့်က ဒန်နီယယ်ကို သူ၏ The Apprentice ရုပ်သံအစီအစဉ်တွင် ပါဝင်ခွင့်ပေးမည်ဟု မက်လုံးပေးခဲ့ဖူးကြောင်း ဒန်နီယယ်ဘက်က စွပ်စွဲထားသည်။ ထိုအချိန်တွင် ထရမ့်မှာ အဆိုပါ ရုပ်သံအစီအစဉ်ကို တင်ဆက်နေသူဖြစ်သည်။

မူလက သူတို့နှစ်ဦး လိင်ဆက်ဆံသည့်ကိစ္စကို လျှို့ဝှက်ထားရမည်ဟု ထရမ့်ဘက်က မတောင်းဆိုခဲ့ဖူးသော်လည်း ဒန်နီယယ်က မဂ္ဂဇင်းတစ်စောင်ကို အဆိုပါ ဇာတ်လမ်းအကြောင်း အမေရိကန်ဒေါ်လာ ၁၅၀၀၀ ဖြင့် ရောင်းချရန် သဘောတူလိုက်သည့်အချိန်တွင်မှ နှုတ်ပိတ်ရန် ကြိုးစားလာခြင်းဖြစ်သည်ဟုဆိုသည်။

“ကျွန်မက ကားပါကင်မှာ၊ ကျွန်မသမီးလေးနဲ့ ကိုယ်ကာယကြံ့ခိုင်ရေး သင်တန်းသွားမလို့။ နောက်ခုံက ကလေးသေးခံဝတ်ကအစ ပစ္စည်းတွေအကုန်လွှင့် ပစ်ခံထားရတယ်။ လူတစ်ယောက်က ကျွန်မဆီလျှောက်လာပြီး ထရမ့်ကို သူ့ဘာသူနေပါစေ၊ ဇာတ်လမ်းကို မေ့လိုက်ပါလို့ ပြောတယ်။ ပြီးတော့ ကိုယ်ကိုကိုင်းပြီး ကျွန်မသမီးလေးကိုကြည့်ပြီး ကလေးလေးက ချစ်စရာလေး၊ သူ့အမေတစ်ခုခုဖြစ်သွားရင်တော့ သနားစရာပဲလို့ ခြိမ်းခြောက်ခဲ့ပါတယ်”ဟု ဒန်နီယယ်က ပြောသည်။

ထိုဖြစ်စဉ်ကြောင့် ထိတ်လန့်သွားခဲ့ပြီး ၂၀၁၆ ရွေးကောက်ပွဲမတိုင်မှ ၁၁ ရက်အလိုတွင် လျှို့ဝှက်ထားရှိရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးပေးခဲ့ခြင်းဖြစ်သည်ဟု ဒန်နီယယ်က ပြောကြားခဲ့သည်။

“ဒီဇာတ်လမ်းက ထပ်ထွက်လာပါတယ်။ ကျွန်မမိသားစုနဲ့ သူတို့ဘေးကင်းမှုအတွက် စိုးရိမ်ရတယ်လေ”ဟု ဒန်နီယယ်က ပြောကြားခဲ့သည်။

ယခုအခါ အဘယ့်ကြောင့် ဖွင့်ပြောရသနည်းဟု ကူးပါးက မေးမြန်းခဲ့ရာ မိမိကိုယ်ကိုယ် မတရားခံရသူ သို့မဟုတ် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှု ဆန့်ကျင်ရေးလှုပ်ရှားမှု Mee Too တွင် ပါဝင်သင့်သူတစ်ဦးဟု မမြင်ကြောင်း၊ သို့သော်လည်း မှန်မှန်ကန်ကန်ဖြစ်သွားစေလိုသည့် ဆန္ဒသာရှိကြောင်း ဒန်နီယယ်က ပြောကြားခဲ့သည်။

“ကျွန်မကို လူလိမ်တစ်ယောက်လို သတ်မှတ်ခံရတာတော့ သဘောမကျဘူးလေ” ဟု ဒန်နီယယ်က ပြောကြားခဲ့သည်။

ထရမ့်သာ ယခု တွေ့ဆုံမေးမြန်းခန်းကို ကြည့်နေပါက ဘာစကားပြောချင်ပါသလဲဟု ကူးပါးက မေးမြန်းခဲ့ရာ “ကျွန်မ အမှန်ပြောနေတာ သူသိပါတယ်”ဟု ဒန်နီယယ်က ဖြေကြားခဲ့သည်။

အိမ်ဖြူတော်ကမူ ထရမ့်နှင့် ဒန်နီယယ်အကြား လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုတစ်စုံတစ်ရာမရှိဟု ငြင်းဆိုထားသည်။

F-03



FOLLOW US