News

POST TAGGED AS

ခြိမ်းခြောက်

မယားပါသမီးကို ခြိမ်းခြောက်သားမယားပြုကျင့်သည့် ပထွေးဖြစ်သူကို ထောင်ဒဏ် အနှစ် ၂၀ အမိန့်ချ
ရန်ကုန်၊ ဇန်နဝါရီ ၁၄ 

အသက် ၁၄ နှစ်အရွယ် မယားပါသမီးကို ခြိမ်းခြောက်သားမယားပြုကျင့်သည့် အသက် ၃၈ နှစ်အရွယ် ပထွေးအား ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အရှေ့ပိုင်းခရိုင်တရားရုံးက ဇန်နဝါရီလ ၁၂ ရက် မွန်းလွဲပိုင်းတွင် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ 

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၂) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားသည် ၂၀၁၆ ခုနှစ်က တစ်အိမ်တည်းအတူနေထိုင်သည့် မယားပါသမီးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ သားမယား အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ဆွေမျိုးတော်စပ်သူများက ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သားမယားပြုကျင့်ခံရသူ၏ အဘွားကို ပြောပြရာက သိရှိပြီး အမှုဖွင့်တိုင်တန်းကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းကနေ (ပ) ၁၆၉၉/၁၆ နဲ့ တင်ပို့တဲ့အမှုပါ။ တရားသူကြီး စစ်ဆေးပြီး ပြစ်မှုထင်ရှားတဲ့အတွက် အလုပ်နဲ့ထောင်ဒဏ် အနှစ် ၂၀ အမိန့်ချလိုက်တာ။ အသက် ၁၄ နှစ်ဆိုတော့ သက်ငယ်မုဒိမ်းမှုထဲ ဝင်သွားတယ်။ သက်ငယ်မုဒိမ်းမှုတွေဆိုရင် အနည်းဆုံးတော့ ထောင်ဒဏ် အနှစ် ၂၀ ချတာတွေ များတယ်”ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်တွင် မုဒိမ်းမှု ၂၂၉ မှု ရှိခဲ့ရာ ယင်းမုဒိမ်းမှုများတွင် အရွယ်ရောက်ပြီး သူသားမယားပြုကျင့်ခံရမှု ၆၉ မှု၊ အသက် ၁၆ နှစ်အောက် ခိုးရာလိုက်ပြေးသဖြင့် သားမယားပြုကျင့်ခံရမှု ၉၆ မှု၊ အရွယ်မရောက်သေးသူ သားမယားပြုကျင့်ခံရမှု ၆၄ မှုရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မုဒိမ်းမှု ၂၇၀ မှုရှိခဲ့ပြီး ယင်းမုဒိမ်းမှုများတွင် အရွယ်ရောက်ပြီးသူ သားမယားပြုကျင့်ခံရမှု ၈၄ မှု၊ အသက် ၁၆ နှစ်အောက် ခိုးရာလိုက်ပြေးသဖြင့် သားမယားပြုကျင့်ခံရမှု ၁၁၆ မှု၊ အရွယ်မရောက်သေးသူ သားမယားပြုကျင့်ခံရမှု ၇၀ မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-16



FOLLOW US