News

POST TAGGED AS

သြစတြီးယား

ရုရှားသူလျှိုဟောင်းကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအတွက် ရုရှားအစိုးရကို အိမ်ဖြူတော် ပြင်းထန်စွာပြစ်တင်ရှုတ်ချ


ဝါရှင်တန်၊ ဩဂုတ် ၁၁ 

ဗြိတိန်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် ယခင်ရုရှားသူလျှို (အေးဂျင့်) ဟောင်း တစ်ဦးကို ဓာတုလက်နက်အသုံးပြုကာ တိုက်ခိုက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေနှင့် ရုရှားနိုင်ငံကို ပြင်းထန်စွာရှုတ်ချကန့်ကွက်သည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါ ဓာတုလက်နက်ဖြင့် ရုရှားအေးဂျင့်ဟောင်းကို တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုသစ်များ ထပ်မံပြဋ္ဌာန်းကြောင်း ကြေညာချက်ထွက်ပေါ်ပြီး နှစ်ရက်အကြာတွင် အိမ်ဖြူတော်က ပြစ်တင်ဝေဖန်လိုက်ခြင်းလည်းဖြစ်သည်။ 

“ဆာဂျီနှင့် ယူလီယာစခရီပါးလ်တို့နှစ်ဦးကို ဆာလီဘူရီတွင် ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့က တိုက်ခိုက်ခဲ့သော ဖြစ်ရပ်သည် တစ်လောကလုံးက သတ်မှတ်ထားသည့် စံချိန်စံနှုန်းတစ်ခုကို အသိဉာဏ် ဆင်ခြင်တုံတရားကင်းမဲ့စွာ ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်”ဟု အမေရိကန် အိမ်ဖြူတော်၊ အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကမူ လာမည့် ဩဂုတ်လကုန်ပိုင်းမှစ၍ မိမိတို့ဌာနအနေနှင့် ဥပဒေကြောင်းအရ ဝတ္တရားရှိသည့်အတိုင်း ဒဏ်ခတ်အရေးယူမှုများကို ပြဋ္ဌာန်းသွားမည်ဖြစ်သည်ဟု ဆိုသည်။ 

ယခင်ရုရှားစစ်ဘက် ထောက်လှမ်းရေးဌာနမှ ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်သူ ဆာဂျီစခရီပါးလ်နှင့် သူ၏ အသက် ၃၃ နှစ် အရွယ် သမီးဖြစ်သူတို့သည် ပြီးခဲ့သည့် မတ်လက အင်္ဂလန်တောင်ပိုင်း ဆာလီဘူရီမှ ပန်းခြံတစ်ခုထဲတွင် သတိလစ်မေ့မြောနေခဲ့သည်။ ၎င်းတို့သည် နေထိုင်ရာအိမ်ရှေ့တံခါးတွင် နာ့ဗ်အေးဂျင့်တစ်မျိုး သုတ်သိမ်းထားသည်ကို ထိတွေ့ကိုင်တွယ်မိခဲ့ခြင်းကြောင့် သတိလစ်မေ့မြောသွားခဲ့ခြင်း ဖြစ်သည်။ 

ယခုသီတင်းပတ်အတွင်း နယူးဂျာဇီရှိ ဂေါက်ကွင်းတွင်ရှိနေခဲ့သော သမ္မတထရမ့်က ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ထင်မြင်သုံးသပ်ချက်တစ်စုံတစ်ရာ မပြုခဲ့ပေ။ 

သတင်းထောက်များက အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ထရမ့်ကိုမေးမြန်းရာတွင် ရုရှားအစိုးရနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်လျက်ရှိကြောင်းသာ တုံ့ပြန်ပြောကြားသည်။ 

အဆိုပါ ရုရှားအေးဂျင့်နှင့်သူ၏ သမီးဖြစ်သူတို့ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခံရမှုပေါ်ပေါက်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများက ရုရှားသံတမန် ၁၀၀ ခန့်ကို နိုင်ငံတွင်းမှ ပြည်နှင်ဒဏ်ပေးခဲ့ကြသည်။ 

F-01



FOLLOW US