News

POST TAGGED AS

ၾသစေၾတးလ်

19-Aug-2018

ဝန်ကြီး အိန္ဒိယ
အိန္ဒိယ၏ ဩဇာရှိ နိုင်ငံရေးဂုရုနှင့် ဝန်ကြီးချုပ်ဟောင်းဗာ့ခ်ျပါယီ အသက် ၉၃ နှစ်တွင် ကွယ်လွန်၊ ပြည်သူထောင်ပေါင်းများစွာ ဂါရဝပြု


နယူးဒေလီ၊ ဩဂုတ် ၁၇

ယမန်နေ့ကအိန္ဒိယနိုင်ငံတွင် ကွယ်လွန်သွားသော ဝန်ကြီးချုပ်ဟောင်း အတယ်ဘီဟာရီဗာ့ခ်ျပါယီ၏ နောက်ဆုံး ခရီးစဉ်အတွက် အိန္ဒိယပြည်သူ ထောင်ပေါင်းများစွာက လာရောက်ဂါရဝပြုအရို အသေပေးခဲ့ကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ဗာ့ခ်ျပါယီသည် နယူးဒေလီရှိ AIIMS ဆေးရုံကြီးတွင် အသက်အရွယ်ကြီးရင့်ခြင်းကြောင့်ဖြစ်သော ရောဂါများကို ကုသမှုခံယူနေစဉ် အသက် ၉၃ နှစ် အရွယ်၌ ကွယ်လွန်သွားခြင်းဖြစ်သည်။

ဗာ့ခ်ျပါယီ၏ ဈာပနအခမ်းအနားအတွက် အိန္ဒိယအာဏာပိုင်များက လုံခြုံရေး အထူးတင်းကျပ်ထားသော်လည်း ပြည်သူထောင်ပေါင်းများစွာက တန်းစီကာ လာရောက်ဂါရဝပြုခဲ့ကြသည်။ 

ဗာ့ခ်ျပါယီသည် ၁၉၉၆ မှ ၂၀၀၄ ခုနှစ်အတွင်း အိန္ဒိယဝန်ကြီးချုပ်အဖြစ် သုံးကြိမ်တိတိ ထမ်းဆောင်ခဲ့ပြီး အိန္ဒိယကို နျူကလီးယားပါဝါနိုင်ငံ ဖြစ်အောင် လုပ်ဆောင်ရာ၌လည်း ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ 

၎င်းသည် လက်ရှိအိန္ဒိယနိုင်ငံကိုအုပ်ချုပ်နေသည့် အာဏာရ ဟိန္ဒူအမျိုးသား ဘာရာသီရာဂျန်နတာပါတီ (BJP) ကို ထူထောင်ခဲ့သူများအနက် တစ်ဦးအပါ အဝင်ဖြစ်သည်။ 

ကွယ်လွန်သွားသော ဝန်ကြီးချုပ်ဟောင်း ဗာ့ခ်ျပါယီ၏ ရုပ်အလောင်းကို BJP ပါတီဌာနချုပ်တွင် ထားရှိထားရာလက်ရှိဝန်ကြီးချုပ် နာရင်ဒရာမိုဒီ အပါအဝင် ကက်ဘိနက်အဖွဲ့ဝင်များက လာရောက်ဂါရဝပြုကြသည်။ 

အိန္ဒိယသတင်းဌာနများ၏ ဖော်ပြချက်အရ ဗာ့ခ်ျပါယီ၏ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် အပြည့်အဝကျင်းပခဲ့သည်။ 

၎င်းသည် ၁၉၅၇ ခုနှစ်တွင် ပါလီမန်လွှတ်တော်၌ ပထမဆုံးရွေးကောက်တင် မြှောက်ခံခဲ့ရသည်။ ထို့စဉ်က ဗာ့ခ်ျပါယီကို အိန္ဒိယနိုင်ငံရေးလောက၏ ဧရာမပုဂ္ဂိုလ် တစ်ဦးအဖြစ် သတ်မှတ်ရှုမြင်ခဲ့ကြသည်။ 

၁၉၉၈ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရချိန်တွင် ၎င်းက အိန္ဒိယသည် မြေအောက်နျူကလီးယားစမ်းသပ်မှု များကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီဖြစ်သည်ဟု ကြေညာကာ နိုင်ငံတကာအသိုင်း အဝိုင်းကို အံ့အားသင့်စေခဲ့သည်။ ယင်း ဖြစ်ရပ်သည် ၁၉၇၄ ခုနှစ်နောက်ပိုင်း အိန္ဒိယနိုင်ငံအတွက် ပထမဆုံး နျူကလီးယားစမ်းသပ်မှုဖြစ်သည်။ 

နျူကလီးယားစမ်းသပ်မှုကို နိုင်ငံ တကာ အသိုင်းအဝိုင်းအားအသိမပေးဘဲ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှု များစွာ ပေါ်ပေါက်ခဲ့သော်လည်း အိန္ဒိယတွင်မူ ဗာ့ခ်ျပါယီကို သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။

ဗာ့ခ်ျပါယီသည် အမျိုးသားလုံခြုံရေးကို အလေးထားပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားကို မကြောက်ရွံ့သူဟုလည်း ချီးမွမ်းခံခဲ့ရသည်။

F-01



FOLLOW US