News

POST TAGGED AS

ၾသစေၾတးလ်

15-May-2018

ဂျာမန် အစ္စရေး
အစ္စရေးနိုင်ငံတည်ထောင်မှု နှစ် ၇၀ မြောက်နေ့တွင် ဂျာမန်-အစ္စရေး ဆက်ဆံရေးကို ဟိုက်ကိုမတ်စ် ချီးကျူး


ဘာလင်၊ မေ ၁၄

အစ္စရေးနိုင်ငံသည် ၁၉၄၈ မေလ ၁၄ ရက်တွင် ပထမဆုံးဝန်ကြီးချုပ်က လွတ်လပ်ရေးကြေညာကာ နိုင်ငံတည်ထောင်ခဲ့သည့်နေ့ နှစ် ၇၀ မြောက် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ရာ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုက်ကိုမတ်စ်က နှစ်နိုင်ငံအကြား ဆက်ဆံရေး အဓွန့်ရှည်မှုကို ဂုဏ်ပြုပြောကြားလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဟိုက်ကိုမတ်စ်သည် ယခုနှစ် အစောပိုင်းကလည်း အစ္စရေးနိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။

အစ္စရေးနိုင်ငံတည်ထောင်မှု နှစ် ၇၀ မြောက် အထိမ်းအမှတ်အဖြစ် တနင်္လာနေ့တွင် ဝန်ကြီးဟိုက်ကိုမတ်စ်က ပေးပို့သော သဝဏ်လွှာတွင် “အစ္စရေးနိုင်ငံ၏ လုံခြုံရေးနှင့် ဂျူးမုန်းတီးမှုတိုက်ဖျက်ရေးသည် ကျွန်ုပ်တို့ ဂျာမနီနိုင်ငံ၏ အမျိုးသားရေးလက္ခဏာတစ်ခုအဖြစ် အမြဲတမ်းရှိနေမည်”ဟု ရေးသားဖော်ပြထားသည်။

“ယနေ့ကာလအထိ ကျွန်ုပ်တို့သည် ဂျူးမုန်းတီးမှု အသွင်သဏ္ဌာန်မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်သည့် သဘောထားကို ဆုပ်ကိုင်ထားဆဲဖြစ်သည်” ဟု DW သတင်းစာအတွက် ပေးပို့သော ဆောင်းပါးတွင် ဟိုက်ကိုမတ်စ်က ရေးသားထားသည်။

ဂျူးအဖွဲ့အစည်းများနှင့် စာသင်ကျောင်းများကို ဂျာမန် အာဏာပိုင်များက ကာကွယ်စောင့်ရှောက်ပေးရာတွင် လိုအပ်ချက်ရှိနေသေးခြင်းနှင့် ဂျူးမုန်းတီးရေး ရန်စမှုများကို ဆုချီးမြှင့်ခြင်း ကိစ္စများသည် ရှက်စရာကောင်းသည်ဟု ၎င်းက ဆက်လက်ရေးသားထားသည်။ ဂျာမန် ရက်ပ်အဆိုတော် ကိုလီဂါနှင့် ဖာရစ်ဘန်းတို့က ၎င်းတို့၏ ကိုယ်ခန္ဓာကို အော့စဝစ်အကျဉ်းသားများနှင့် နှိုင်းယှဉ်ထားသည့် တေးဂီတအယ်လ်ဘမ်အတွက် ဧပြီလက ဂျာမန်တေးဂီတဆု ရရှိသွားခြင်းကို ဟိုက်ကိုမတ်စ်က ရည်ညွှန်းခြင်းဖြစ်သည်။

“ဂျာမနီဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ထူထောင်နိုင်မှုအတွက် အမြဲတမ်း ကျေးဇူးတင်နေပါတယ်။ အစ္စရေးရဲ့ မွေးနေ့မှာ ပါဝင်နိုင်ခွင့်ရတာကလည်း ပြောမပြနိုင်တဲ့ လက်ဆောင်မွန်တစ်ခုပါ။ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းနေပေမယ့်လည်း လွတ်လပ်စွာ အပြန်အလှန် ဝေဖန်ခွင့်ရှိပါတယ်” ဟု ဂျာမန်ဝန်ကြီးက ဆိုသည်။

အစ္စရေး၏ ပထမဆုံး ဝန်ကြီးချုပ် ဘင်ဂူးရီးယန်းက ၁၉၄၈ မေလ ၁၄ ရက်တွင် အစ္စရေးနိုင်ငံထူထောင်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် ဂျူးပြက္ခဒိန်အရ ဧပြီလ ၁၉ ရက်ကိုလည်း နိုင်ငံထူထောင်သောနေ့အဖြစ် သတ်မှတ်ထားသည်။

F-04



FOLLOW US