POST TAGGED AS

ကြားဖြတ်ရွေးကောက်ပွဲ

ကြားဖြတ်ရွေးကောက်ပွဲအတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့ရန်စီစဉ်
မန္တလေး၊ ဩဂုတ် ၈

နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းနိုင်ရန် စေ့စပ်ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဒုတိယညွန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောကြားသည်။

ယင်းကော်မတီတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ကော်မရှင်မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများပါဝင်သည့် လူဦးရေ ၃၀ ဦးခန့်ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“မဲရုံတစ်ခုမှာ ရွေးကောက်ပွဲ အငြင်းပွားစရာ တစ်ခုခုကြုံလာခဲ့ရင် ချက်ချင်းအစည်းအဝေးခေါ်မယ်။ ဥပဒေအရ ဒီလိုရှိတယ်။ ဒါတွေကို တစ်ထိုင်တည်း စည်းဝေးဆုံးဖြတ်တယ်။ ဒါမှ အဆင်မပြေရင် ခရိုင်၊ တိုင်းအဆင့်ဆင့်တက်မယ်ပေါ့။ ပြဿနာမတက်တော့ဘူးပေါ့။ အများသဘောတူ ဆုံးဖြတ်ကြမှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော် တစ်နေရာ၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) နေရာနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်သားလူမျိုး မဲဆန္ဒနယ်နေရာ စုစုပေါင်း ၃ နေရာ လစ်လပ်လျက်ရှိသည်။ 

ယင်းနေရာများအတွက် မန္တလေးတိုင်းရှိ ပါတီနှင့်တစ်သီးပုဂ္ဂလအပါအဝင် စုစုပေါင်း ၁၂ ပါတီမှ လူဦးရေ ၁၆ ဦးဝင် ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားခဲ့ပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဩဂုတ်လ ၆ ရက်က ကြေညာထားသည်။

“သူတို့အနေနဲ့အငြင်းပွား ဖွယ်ရာတွေဖြစ်လာရင် ဖြေရှင်းပေးနိုင်အောင် ဖွဲ့ထားတာဖြစ်တဲ့အတွက် ဖြေရှင်းပေးနိုင်အောင်တော့ ကြိုးစားရမှာပေါ့။ ကျွန်တော်တို့ဘက်ကတော့ ပေးမယ်ဆို ပေးလို့ရအောင် အဆင်သင့်တော့ လုပ်ထားပြီးပါပြီ။ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ တရားဝင်ပေးသွားမယ်”ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။

အဆိုပါစေ့စပ်ညှိနှိုင်းရေးကော်မတီတွင် ပါဝင်ရန် ပါတီအသီးသီးမှ ကိုယ်စားလှယ်စာရင်းကို ၁၃ ရက်နေ့ နောက်ဆုံးထားတင်ပြရန် အကြောင်းကြားထားကြောင်း၊ လူဦးရေစာရင်းရရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းရေးကော်မတီများကို မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟိုအဆင့်ထိ အဆင့်ဆင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

M-05



FOLLOW US