News

POST TAGGED AS

ကြားဖြတ်ရွေးကောက်ပွဲ

ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲ ပါတီငါးခု ဝင်ရောက်ယှဉ်ပြိုင်မည်
ကလေး၊ ဇူလိုင် ၁၄ 

ချင်းပြည်နယ်အတွင်းကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်နှစ်ခု၌ ပါတီငါးခုက ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးလင်းကျော်က ပြောကြားသည်။ 

လာမည့်နိုဝင်ဘာလ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ လစ်လပ်မဲဆန္ဒနယ်များအတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နှင့် ကန်ပက်လက်မြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက်လည်း ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။

အဆိုပါလစ်လပ် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဇူလိုင်လ ၃ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ တင်သွင်းခဲ့ရာမှ ချင်းပြည်နယ်အတွင်း ပါတီငါးခုမှ ကိုယ်စားလှယ်လောင်းခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံမှသိရသည်။

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီစသည့် ပါတီလေးခုမှ ကိုယ်စားလှယ်လောင်းလေးဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်စသည့် ပါတီနှစ်ခုမှ ကိုယ်စားလှယ်နှစ်ဦးက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံမှသိရသည်။ 

အဆိုပါ မဲဆန္ဒနယ်တွင် မဲပေးနိုင်သည့် မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ မဲရုံးများတွင် ကပ်ထားပေးခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ ဦးရေအနေနှင့် ကန်ပက်လက်မြို့နယ်တွင် ၁၂,၄၇၅ ဦးနှင့် မတူပီမြို့နယ်တွင် ၁၇,၄၈၉ ဦး ရှိကြောင်း ယင်းရုံးထံမှသိရသည်။

R-20



FOLLOW US