News

POST TAGGED AS

ကြည်လင်း

မိသားစု အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုကြောင့် လူသတ်မှုကျူးလွန်ခဲ့ကြောင်း သေနတ်သမားကြည်လင်းထွက်ဆို


ရန်ကုန်၊ ဇွန် ၂၈ 

ရန်ကုန်လေဆိပ်တွင် ရှေ့နေဦးကိုနီကို လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းတွင် တရားစွဲဆိုခံထားရသူ သေနတ်သမားကြည်လင်းက မိသားစု၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရမှုကြောင့် လူသတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။ 

“ကျွန်တော့်မှာအပြစ်မရှိပါဘူး။ မိသားစု အသက်အန္တရာယ်ခြိမ်းခြောက်ခံရလို့ သေနတ်နဲ့ပစ်ခဲ့တာပါ။ လေဆိပ်ကို ကျွန်တော်လာစဉ်က ဘာလက်နက်မှပါမလာတဲ့အတွက် အပြစ်မရှိပါဘူး”ဟု ကြည်လင်းက ထွက်ဆိုထားသည်။

ကြည်လင်းမှာ မြောက်ပိုင်းခရိုင်တရားရုံးတွင် ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ တင်ကူးကြံရွယ်လူသတ်မှု၊ ပူးပေါင်းပါဝင်မှု၊ အားပေးကူညီမှုပုဒ်မများအပြင် လက်နက်အက်ဥပဒေ ပုဒ်မများဖြင့် ပါစွဲချက်တင်စစ်ဆေးခံနေရသူဖြစ်ပြီး အထက်ပါထွက်ဆိုချက်နှင့် ပတ်သက်၍ တရားလိုဘက်တရားလွှတ်တော် ရှေ့နေဖြစ်သူဦးနေလက ယင်းထွက်ဆိုချက်မှာ တစ်ယောက်တည်းပြစ်ဒဏ်ကျခံစေရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်း၏အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။ 

“အခင်းမဖြစ်ပွားမီ ခြောက်လလောက်ကတည်းက လူသတ်မှုကျူးလွန်ဖို့ကို စီစဉ်ဆောင်ရွက်နေတာ။ အဲဒီကာလမှာ သူ့မိသားစုကဘယ်သူတွေလဲ။ ဟိုဘက်က ခြောက်လှန့်၊ ထိပ်တုံးခတ် ဓားမိုးထားနေတာလား။ ဖမ်းချုပ်ထားတာလား။ အသက်အန္တရာယ်ထိခိုက်အောင် ဘာတွေလုပ်ခဲ့သလဲဆိုတဲ့ အချက်တွေတော့သူ (ကြည်လင်း) ဖြေရှင်းဖို့တာဝန်ရှိတယ်။ ဒါပေမဲ့အခုဟာက မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာနေတာလို့ ပြောချင်တယ် ။အောင်ဝင်းဇော်တို့ကို အကာအကွယ်ပေးဖို့အတွက် ကြည်လင်းက သူတစ်ယောက်တည်းကျခံဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ထင်တယ်။ အောင်ဝင်းဇော်တို့အတွက် နောက်ဆုံးသက်သေ သုံးယောက်ကို ကြည်လင်းရဲ့ ရှေ့နေက တင်ပြထားတယ်။ တရားရုံးရဲ့ အမှုတွဲပေါ်မှာရှိတဲ့ ထွက်ဆိုချက်ကိုကြည့်ပြီး တင်ပြခဲ့တာ။ အဲဒါကိုကြည့်ခြင်းအားဖြင့် ကြည်လင်းရဲ့ ရှေ့နေနဲ့အောင်ဝင်းဇော်တို့ရဲ့ ပူးပေါင်းမှုကထင်ရှားနေတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောကြားခဲ့သည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ သေနတ်သမားကြည်လင်းကို ဇူလိုင်လ ၅ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားခံများ၏ စွဲချက်တင်အမိန့်ချမှတ်မှုများနှင့် ပတ်သက်၍ ပြင်ဆင်ချက်တင်ပြမှုကို ပလပ်ခံရသောကြောင့် နေပြည်တော်ရှိ ပြည်ထော်စု တရားလွှတ်တော်ချုပ်ထံသို့ ပြင်ဆင်မှုထပ်တက်ထားကြောင်းနှင့် အခင်းဖြစ်စဉ်က ကာယကံမြောက်ထင်ရှားသည်မှာ ကြည်လင်းတစ်ဦးတည်းသာရှိကြောင်း၊ ကျန်သည့်သူများမှာ မည်သို့ ပတ်သက်နေသည်ဆိုသည် အထောက်အထားများမှာ အငြင်းပွားစရာဖြစ်နေကြောင်း တရားစွဲဆိုခံရသူများဘက်မှ ရှေ့နေဦးကျော်ကျော်ထိုက်က မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

S-03




FOLLOW US