News

POST TAGGED AS

ကြက်ခြေနီ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ ရခိုင်ပြည်နယ်သွားမည်
ရန်ကုန်၊ ဇွန် ၂၅

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Peter Maure ၏ ၈ ရက်ကြာ လာရောက်မည့် နိုင်ငံနှစ်ခုခရီးစဉ်အနက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း ICRC  (မြန်မာ) မှ သတင်းပြန်ကြားရေးအရာရှိ ကိုဇော်ဝင်းက ပြောကြားသည်။

၎င်း၏ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို တွေ့ဆုံရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“ဥက္ကဋ္ဌက မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေရဲ့ အခြေအနေတွေကို လေ့လာဖို့ လာရောက်တာဖြစ်တယ်။ ၂၉ ရက်မှာတော့ နေပြည်တော်မှာ ဒေါ်စုနဲ့သမ္မတကို တွေ့ဖို့ရှိတယ်”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ၂၀၁၇ ဩဂုတ်လ အကြမ်းဖက်မှုဖြစ်စဉ်အပြီးတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူဦးရေ ခုနစ်သိန်းခန့် ရွှေ့ပြောင်းမှုများရှိခဲ့ပြီး ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများလည်းရှိခဲ့ကြောင်း၊ ထိုသူများအတွက် အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘဝအတွက် အခြားလိုအပ်ချက်များ ခက်ခဲလျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ထုတ်ပြန်ထားသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Peter Maure သည် ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၃ ရက်အထိ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လည်ပတ်မည်ဖြစ်ကြောင်း ICRC ( မြန်မာ) က ထုတ်ပြန်ထားသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် ၁၉၈၆ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ 

J-14



FOLLOW US