News

POST TAGGED AS

ကြက်ခြေနီအသင်း

ငလျင်ဒဏ်သင့် ပြည်သူများအတွက် တရုတ် ကြက်ခြေနီအသင်း ဒေါ်လာ တစ်သိန်းလှူ

ရန်ကုန် ၊ စက်တင်ဘာ ၅

မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် တရုတ်နိုင်ငံ ကြက်ခြေနီ အသင်းက အမေရိကန် ဒေါ်လာ တစ်သိန်း လာရောက် လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှ သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Mr. Hong Liong သည် စက်တင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကြက်ခြေနီ အသင်းဌာနချုပ်ရုံး၌ တရုတ်ကြက်ခြေနီ ကိုယ်စား လာရောက် လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လှက ပြောသည်။

“ဒီလှူဒါန်းငွေနဲ့ ပြန်လည် တည်ဆောက်ရေးတွေမှာ အသုံးပြုသွားမှာပါ”ဟု ၎င်းက ဆိုသည်။

အလားတူ ယခုပွဲသည် မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် ဒေသများထံသို့ တရုတ်သံရုံးက ပထမဆုံးအကြိမ် လာရောက် လှူဒါန်းခြင်းဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံရှိ ဘုရားများအား ပြန်လည် ပြုပြင်ရေးအတွက် တရုတ်နိုင်ငံမှ ကျွမ်းကျင် ပညာရှင်များက ပံ့ပိုးကူညီမှုများ ပြုလုပ်သွားမည့်အပြင် ငွေကြေး လိုအပ်ပါက ထပ်မံ လှူဒါန်းသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အနေနှင့် လှူဒါန်းလာသော အလှူငွေများကို ရေနံချောင်း၊ ချောက်နှင့် ပုဂံညောင်ဦး ဒေသများတွင် လူထုအခြေပြု ဘေးအန္တရာယ် လျော့ပါးရေး အစီအစဉ်များ၊ ကျောင်းအခြေပြု ဘေးအန္တရာယ် လျော့ပါးရေး အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်ရှိ ကြက်ခြေနီ သိုလှောင်ရုံကိုလည်း ပြုပြင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှ သိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသည် ငလျင်ဒဏ်သင့် ဒေသများရှိ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့များနှင့် ချိတ်ဆက်ကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြား ထားပြီဖြစ်ရာ လက်ရှိတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များတွင်လည်း ကူညီ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် လက်ရှိတွင် မြန်မာနိုင်ငံ အရပ်ရပ်ရှိ ရေဘေးသင့် ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ယင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်သူလူထုထံမှ လှူဒါန်းငွေ  ၉၆ သိန်း ရရှိထားကြောင်း၊ ယင်းငွေများကို ရေဘေးသင့် ဒေသများသို့ သွားရောက် လှူဒါန်းသွားမည် ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။



FOLLOW US