News

POST TAGGED AS

ကြက်သား

ကြက်သားဈေးကျ၍ တစ်ပိုင်တစ်နိုင်မွေးမြူသူများ အရှုံးပေါ်


ဗန်းမော်၊ ဇန်နဝါရီ ၁၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် အသားတိုးကြက်သားဈေး ဆက်ကျဆင်းနေသဖြင့် တစ်ပိုင်တစ်နိုင် ကြက်မွေးမြူရေးလုပ်ကိုင်သူများ အရှုံးပေါ်နေကြောင်း ကြက်မွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။

ကြက်သားဈေးမှာ ကျပ် ၃၀၀၀ ရမှသာ မွေးမြူသူများအတွက် မရှုံးနိုင်သော်လည်း ယခုအခါ ဗန်းမော်ဈေးကွက်တွင် မွေးမြူရေးကြက်ကို CP ကုမ္ပဏီမှ တစ်ပိဿာလျှင် ကျပ် ၂၈၀၀ ဖြင့် ဈေးဖွင့်ထားသဖြင့် တစ်နိုင်တစ်ပိုင် မွေးမြူရေးသမားများ အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း ၎င်းတို့ထံမှ သိရသည်။ 

တစ်ပိုင်တစ်နိုင်မွေးမြူသူများမှာ ကြက်စာ၊ ဆေး၊ ကြက်ပေါက်များကို ဝယ်ယူရာတွင် ကုမ္ပဏီက သတ်မှတ်သော နှုန်းထားဖြင့် ဝယ်ခွင့်မရဘဲ အပြင်ဈေးဖြင့်သာ ဝယ်ယူရသဖြင့် ကုန်ကျစရိတ်နှင့် ကြက်များ ရောင်းချရာတွင် ရရှိသောဈေးမှာ မကာမိကြောင်း၊ အဆိုပါ ကြက်သားဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာမှုကြောင့် လက်ရှိတွင် တစ်ပိုင်တစ်နိုင် မွေးမြူသူအချို့ ရပ်ဆိုင်းမှုများရှိလာကြောင်း တစ်နိုင်တစ်ပိုင် မွေးမြူရေးခြံပိုင်ရှင် ဦးဆိုင်းလာက ပြောသည်။

“ကြက်မွေးတာ ဈေးကျလို့ လေးကြိမ်လောက်ရှုံးပြီးပြီ။ ထပ်မွေးရင်လည်း အရှုံးပေါ်မှာ စိုးရိမ်နေလို့ အခုရှိတဲ့ ကြက်ခြံတောင် ဖြုတ်ရောင်းဖို့ အစီအစဉ်ရှိနေတယ်”ဟု ကြက်မွေးမြူရေးလုပ်ကိုင်သူ ဦးပီတာအောင်က ပြောသည်။ 

ဗန်းမော်မြို့နယ်အတွင်းတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရှိ မှတ်ပုံတင်စာရင်းအရ အသားတိုးကြက်နှင့် ဥစားကြက်မွေးသူ ၃၀ ခန့်ရှိပြီး မှတ်ပုံမတင်သူများ အပါအဝင်ဆိုလျှင် ၁၀၀ ဦးခန့် ရှိနိုင်ကြောင်း၊ ကြက်မွေးမြူသူများကို CP ကုမ္ပဏီနှင့် JAFA ကုမ္ပဏီတို့ကသာ ကြက်သားပေါက်ဖြန့်ဖြူးခြင်း၊ ကြက်စာရောင်းချခြင်း၊ သက်တမ်းပြည့်ကြက်ကို ဈေးကွက်တွင်း ဖြန့်ဖြူးခြင်းတို့ကို လုပ်ကိုင်ကြသည်။ 

တစ်နိုင်တစ်ပိုင်မွေးမြူသူများအနေနှင့် တစ်ဦးလျှင် အကောင် ၃၀၀ မှ ၅၀၀ အထိသာ မွေးမြူသူများပြီး၊ မွေးမြူရေးခြံထွက် အသားစားကြက်ကို သက်တမ်းပြည့်မှသာ ဈေးကွက်တွင်းသို့ထုတ်ရကာ ဈေးနှုန်းကို CP ကုမ္ပဏီ၏ သတ်မှတ်ချက်အတိုင်း ရောင်းချရကြောင်း၊ ဈေးကွက်တွင်းကြက်ဈေးသည် အနည်းဆုံး တစ်ပိဿာ ၃၀၀၀ ကျပ်ဈေးရမှသာ မွေးမြူသူများအနေနှင့် မရှုံးနိုင်ကြောင်း မွေးမြူသူများထံမှ သိရသည်။

R-14



FOLLOW US