News

POST TAGGED AS

၈၈ ပွင့်လင်း

10-Sep-2017

အစိုးရ
ပွဲတော်
လွန်ခဲ့တဲ့ တစ်လကျော်က ကြက်ငှက်တုပ်ကွေး ဖြစ်တယ်။ ထားဝယ်ဘက်မှာ ဖြစ်တာပါ။ လူတွေကလည်း လူတွေပဲ...။ ကြက်သားမစားကြတော့ဘူး။ အဲ့တော့ အစိုးရခမျာ ခေါင်းခဲရော။ မြန်မာပြည်မှာ ကြက်တွေပေါတာကိုး...။ လူတွေမစားတော့ရင် ကြက်တွေ မျိုးပွားမှု များလာတာ စိုးရိမ်ပုံရတယ်။ မြန်မာတစ်နိုင်ငံလုံး ကြက်တွေများလာရင် ဒုက္ခရောက်မှာလေ။ ကြက်တွေက ဆန်တွေ စပါးလုံးတွေ စားတာကိုး။ 

လူတွေစားမယ့် ဆန်တွေ စပါးတွေကို ကြက်တွေက စားပစ်ရင် လူတွေ ငတ်ကုန်မှာပေါ့။ ငတ်ရင် ပြဿနာတက်ပြီ။ အဲ့ဒါကြောင့် အစိုးရက ကြက်သားစားပွဲတော် လုပ်ရတယ်။ ဒါကို လူတွေက မသိဘူး။ 
အစိုးရက အားအားယားယား ကြက်သားစားပြနေတယ် ဆိုပြီး ဖောင်းထုကြတယ်။ ဒါပေမဲ့ အစိုးရက သူ့အလုပ် သူလုပ်တယ်။ ကြက်သားစားမြဲစားတယ်။ လူတွေလည်း လိုက်စားကြတယ်။ 

ဒီလိုနဲ့ ကြက်တွေလည်း တော်တော်သေကုန်တယ်။ တော်သေးတာပေါ့။ အစိုးရ ကူညီလို့ နို့မို့ဆို အခုချိန်မှာ ကြက်တွေ သောင်းကျန်းနေလောက်ပြီ။ 

စပါးတွေ ဆန်တွေကုန်ရင် လူတွေကိုပါ ကြက်တွေက ပြန်စားချင်စားလောက်တယ်။ သူတို့ အင်အား ကြီးတာကိုး...။ 

အခုတော့ ကြက်ပြဿနာ ပြေလည်သွားပြီ။ အစိုးရရဲ့  မဟာဆောင်ရွက်မှုကြီးပေါ့။ 

အခုလည်း လာပြန်ပြီ။ 

အိန္ဒိယအစိုးရက မြန်မာပြည်ကပဲတွေ မဝယ်တော့ဘူးတဲ့။ မြန်မာတွေကလည်း ပဲဆို အစားနည်းတယ်။ မနက်ခင်း ပဲပြုတ်နဲ့ ညနေခင်း ပဲကတ္တီပါလောက်ပဲ စားကြတာ။ 

ကုလားပဲ ဆိုရင်လည်း သိပ်မစားဘူး။ မျိုးချစ်တွေကတော့ ပဲနာမည်မှာ ကုလားပါလို့တဲ့။ ကုလားပဲတွေစားပြီး ကုလားဖြစ်သွားမှာ စိုးရိမ်ပုံရတယ်။ မျိုးချစ်တွေနဲ့ မတည့်တဲ့ ဒီမိုတွေကလည်း ကုလားပဲကို မစားပြန်ဘူး။ အဲ့ပဲက စစ်သားတွေ စားတာတဲ့။ စစ်သားစားတဲ့ အစားအစာ မစားချင်ဘူး ဆိုလားပဲ။ သူတို့လည်း စစ်သားစိတ် ပေါက်သွားမှာ စိုးလို့လား မသိဘူး။ 

စိုပြေ့အိမ်မှာတောင် ပဲကို တစ်လတစ်ခါလောက်ပဲ စားဖြစ်တယ်။ တော်ရုံမစားဖြစ်ဘူး။ ဒီတော့ မြန်မာပြည်ဟာ ပဲအစားနည်းတယ်။ ပဲကတော့ အထွက်များတယ်။ အထွက်များဆို ဈေးကောင်းရတော့ စိုက်ကြတာကိုး။ 

ဒါပေမဲ့ ထွက်သမျှပဲကို အိန္ဒိယပဲ ပို့တာများတယ်။ အခြားနိုင်ငံတွေက ဝယ်ပေမယ့် နည်းနည်းလေးပဲ။ အခု အိန္ဒိယက မဝယ်တော့ဘူးဆိုတော့ သေပြီပေါ့။ 

အစိုးရကတော့ ခပ်မာမာပဲ။ အိန္ဒိယက မဝယ်ရင် ကိုယ့်ဟာကိုယ် စားမှာပေါ့။ သူတို့ကို ညှိနှိုင်းနေစရာလား။ ဒါကြောင့် အခုဆိုရင် အစိုးရက ပဲစားပွဲတော် လုပ်တော့မယ်။ ဒီတစ်ခါတော့ ဌာနဆိုင်ရာတွေ နှာခေါင်းရှုံ့ကြတယ်။ ငါတို့တော့ သေပြီတဲ့။ ဟိုတစ်ခါ ကြက်သားစား ပွဲတော်တုန်းကတော့ အေးဆေးပဲ။ 

ကြက်သားကိုး...။ စားကောင်းတာကို...။ ကိုလာလေးနဲ့ မြည်းမလား။ ဘီယာလေးနဲ့ မြည်းမလား။ ရှယ်ပဲ။ 

ဒီတစ်ခါက ပဲ....။ ဘာပဲကို စားရမှန်းလည်း မသိ။ ပဲကို အဝစားပြရမှာလား။ အလှစားပြရမှာလား။ အဝစားရင်တော့ သေချာတယ်။ အီးတွေ ပေါက်တော့မှာ...။ 

ဒါကြောင့်ထင်တယ်။ အစိုးရ ပဲစားပွဲတော် လုပ်ပါမယ်လို့ ပြောထားတာ ကြာနေပေမယ့် ဌာနဆိုင်ရာတွေက မစကြသေးဘူး။ ဝန်ကြီးတစ်ဖွဲ့လုံး၊ အမတ်တစ်ဖွဲ့လုံးက စပြီး စားပြရမယ် ထင်တယ်။ 

လောလောဆယ်တော့ လွယ်လွယ်ကူကူ ပဲကြီးလှော်ပဲ စပြီးစားပေါ့။ အစည်းအဝေးတွေ၊ လွှတ်တော်ခန်းမ တွမှာတော့ တဘူဘူနဲ့နေမှာပဲ...။ 

အဲ့တော့ အီးမွှေးဆေးတွေ ဘာတွေ သွားရောင်းရင်တော့ စီးပွားဖြစ်လောက်တယ်။ 

ဘာပဲဖြစ်ဖြစ် အစိုးရရဲ့ အိုင်ဒီယာကိုတော့ သဘောကျတယ်။ တစ်ခုခု စားသုံးသူလျော့ရင် ပွဲတော်လုပ်ပြီး စားပစ်လိုက်တာပဲ။ 

ဝက်တုပ်ကွေး ဖြစ်ရင်လည်း ဝက်သားစားမယ် ထင်တယ်။ 

နောက်ဆို မြန်မာ့ပွဲတော်တွေထဲမှာ အစာစားပွဲတော်ဆိုပြီး ပွဲတော်တစ်ခု ထပ်တိုးတော့မယ် ထင်တယ်။ တစ်နှစ် တစ်မျိုးစားပေါ့။ ဒါပေမဲ့ တစ်ခုတော့ စိုးရိမ်တယ်။ 

မြန်မာပြည်က မြို့တော်ကြီးတွေမှာ ကလေးမွေးဖွားနှုန်း လျော့ကျနေတယ်။ ဘေးနိုင်ငံတွေနဲ့ ယှဉ်ရင်လည်း မြန်မာပြည်က လူဦးရေနည်းနေတယ်။ ဒီတော့ လူဦးရေတိုးအောင် လုပ်ရမယ်ဆိုပြီး ပွဲတော်တစ်ခု ကျင်းပနေမှ ခက်မယ်။ လူတွေမွေးစေတဲ့ အကြောင်းအရင်းကိုရှာ...။ 

ပြီးရင် အဲ့ပွဲတော်လုပ်...။ စဉ်းစားရင်းနဲ့ ဂျပန်ဇာတ်ကားတွေတောင် မြင်ယောင်လာတယ်။

စိုပြေ



FOLLOW US