News

POST TAGGED AS

မြ၀တီ

07-Feb-2018

ရန်ကုန် မြ၀တီ
မြဝတီကုန်သွယ်ရေးဇုန်တွင် ကုန်ပစ္စည်းအလိုအလျောက် ရှင်းလင်းသည့်စနစ် မတ်လ၌ စမ်းသပ်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်တွင် ကုန်ပစ္စည်းအလိုအလျောက် ရှင်းလင်းသည့်စနစ် (Myanmar Automated Cargo Clearance System –MACCS) ကို ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင်အသုံးပြု ဆောင်ရွက်ရန်အတွက် မတ်လမှ မေလကုန်အထိ စမ်းသပ်ဆောင်ရွက်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။ 

မြဝတီကုန်သွယ်ရေးဇုန်တွင် MACCS စနစ်ကို ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင်အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၆ ရက် နေ့အထိကို ပြင်ဆင်ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိကို သွင်းကုန်၊ ထုတ်ကုန် (Importer/ Exporter Code) ကုတ်ထုတ်ပေးခြင်းနှင့် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းရှင်များနှင့် ဆက်စပ်အဖွဲ့အစည်းများကို မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ ဦးစီးအရာရှိ ဦးဟန်ထွေးအောင်က ပြောကြားသည်။ 

“မတ်လကနေစပြီး မေလကုန်အထိကို စမ်းသပ်ကာလလုပ်မယ်။ ကုန်ပစ္စည်းတိုင်း ဒီစနစ်နဲ့လုပ်လို့ရမှာပါ။ ခွဲခြားမထားပါဘူး။ လောလောဆယ်တော့ မြဝတီကုန်သွယ်ရေးဇုန်မှာပဲ လုပ်ဦးမယ်။ နောက်ပိုင်းကျရင် မြဝတီက တံတား (၂) ဖွင့်ရင် ဆိပ်ကမ်းတွေမှာလည်း တိုးချဲ့လုပ်မယ်။ အခု တံတား (၂) က မပြီးသေးတဲ့အတွက် ကုန်သွယ်ရေးဇုန်မှာ ကနဦးလုပ်မှာပါ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

အသုံးပြုသူများသုံးစွဲရ အဆင်ပြေစေရန်အတွက် ၂၀၁၈ ခုနှစ် မတ်လမှ မေလကုန်အထိ စမ်းသပ်ကာလအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်သာမက ဆိပ်ကမ်းများတွင်လည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကာ MACCS စနစ်ကို ဂျပန်နိုင်ငံ၏ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှု ဂျပန်ယန်းငွေ သန်း ၃၉၉၀ ဖြင့် ရန်ကုန်မြို့အတွင်းရှိ လေဆိပ်၊ ဆိပ်ကမ်းနှင့် သီလဝါ အထူးစီးပွားရေးဇုန်တို့တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အကောက်အခွန် ဦးစီးဌာနထံမှ သိရသည်။

အဆိုပါကုတ်ထုတ်ပေးခြင်းနှင့် မှတ်ပုံတင်လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ ဖုန်း ဝ၁ - ၃၇၉၄၂၉ ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

J-11



FOLLOW US