News

POST TAGGED AS

မြန်မာနိုင်ငံ

မြန်မာနိုင်ငံတစ်ဝန်း ယခုနှစ်၌ ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ၁၀၀ ကျော်ရှိ
ရန်ကုန်၊ ဇွန် ၂၈

မြန်မာနိုင်ငံတစ်ဝန်း အင်အားအနည်းငယ်ရှိ မြေငလျင်များ ခပ်စိပ်စိပ်လှုပ်ခတ်နေရာတွင် ယခုနှစ်၌ ငလျင်လှုပ်ခတ်မှု အကြိမ်ရေစုစုပေါင်း ၁၀၀ ကျော်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။ 

ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့အနီး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်သည် ယခုနှစ်အတွက် ၁၀၁ ကြိမ်မြောက် လှုပ်ခတ်ခဲ့သည့် ငလျင်လည်းဖြစ်ပြီး၊ အဆိုပါငလျင်သည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၏ အနောက်-အနောက်မြောက်ဘက် ၂၅ မိုင်ခန့်အကွာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ကာ အင်အားရစ်ခ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။

“အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် တော်တော်ကို များနေတယ်။ မြေထုချပ် ရွေ့လျားမှုနှုန်းတွေကလည်း မြန်မာနိုင်ငံအပြင် တခြားနိုင်ငံတွေမှာလည်း အရင်နှစ်တွေထက် ပိုပြီးလှုပ်ရှားမှု များတာတွေ့ရတယ်”ဟု ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောဆိုသည်။ 

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက မြန်မာနိုင်ငံတစ်ဝန်း၌ လှုပ်ခတ်ခဲ့သည့် ငလျင်အကြိမ်အရေအတွက်ပေါင်းမှာ ၄၀ သာရှိပြီး ၂၀၁၇ ခုနှစ်၌ အကြိမ်ရေ ၇၀ သာ ရှိခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၂၈ ရက်နေ့အထိ ခြောက်လတာအတွင်း၌ အကြိမ်ရေ ၁၀၀ ကျော် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့ငလျင်လှုပ်ခတ်မှုအကြိမ် ရေများလာရခြင်းသည် အင်အားပြင်းငလျင်ကြီး မလှုပ်ခတ်မီတွင် ရှေ့ပြေးအနေနှင့်လည်း ငလျင်ငယ်များ လှုပ်ခတ်နိုင်ပြီး ယခုကဲ့သို့ အင်အားနည်းသည့်ငလျင်များ မကြာခဏ လှုပ်ခတ်ပေးခြင်းအားဖြင့်လည်း ငလျင်ကြီးဖြစ်ရန်အခွင့်အလမ်း နည်းသွားနိုင်သည်ဟု ယူဆနိုင်ကြောင်း၊ သို့သော် ငလျင်သည် ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့်အတွက် ကြိုတင်သတိပြုနေထိုင်ရန်သာ လိုအပ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့အနီး (ပဲခူးရိုးမအတွင်း) ဗဟိုပြု၍ အင်အားရစ်ခ် စတာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အင်အားအသင့်အတင့်ရှိ နောက်ဆက်တွဲ မြေငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့သည်။

ထို့ပြင် ယခုလအတွင်း အင်အားအနည်းငယ်ရှိ မြေငလျင်များ ဆက်တိုက်လှုပ်ခတ်နေရာ ဇွန်လ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဇွန်လ ၂၇ ရက်နေ့ညက ပျဉ်းမနားမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။

ယင်းသို့ငလျင်များ ဆက်တိုက်လှုပ်နေရာတွင် ဇွန်လ ၂၇ ရက်နေ့ညပိုင်းက နေပြည်တော်နှင့် ပျဉ်းမားနားမြို့တို့တွင် နေထိုင်သူများ သိသာစွာခံစားခဲ့ရသည့် မြေငလျင်သည် ပဲခူးရိုးမ (ဖြူး) ငလျင်နှင့် ဆက်စပ်ခြင်းမရှိဘဲ စစ်ကိုင်းပြတ်ရွေ့အနီးမှသာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြေငလျင် ကျွမ်းကျင်ပညာရှင်များက သုံးသပ်ပြောဆိုသည်။

E-03



FOLLOW US