News

POST TAGGED AS

မြန်မာ့လက်ရွေးစင်

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြရာထူး ပြည်တွင်းနည်းပြသာ ခန့်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ 

နယ်သာလန်နိုင်ငံသားနည်းပြချုပ် ရော်ဂျာရိုင်နာနှင့် လမ်းခွဲထား၍ လစ်လပ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်ရာထူးကို ပြည်တွင်းနည်းပြသာ ခန့်မည်ဟု အဖွဲ့ချုပ်ထံမှ သိရသည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနှင့် လစ်လပ်နေသည့်နည်းပြချုပ်ရာထူးအတွက် ဂျပန်နိုင်ငံသားနည်းပြကို ခန့်အပ်ရန် နီးစပ်ခဲ့သော်လည်း အဆိုပါနည်းပြမှာ အမျိုးသမီးအသင်းများကို တာဝန်ယူဖူးခြင်းမရှိသည့်အတွက် အခြားနည်းပြတစ်ဦးကို ခန့်အပ်ရန် စီစဉ်သော်လည်း အဆင်မပြေသောကြောင့် ပြည်တွင်းနည်းပြကိုသာ ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု အဖွဲ့ချုပ်မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောကြားသည်။

“အမျိုးသမီးအသင်း နည်းပြရာထူးအတွက် ဂျပန်နဲ့အခြားနိုင်ငံတွေက ရှာခဲ့ပေမယ့် အဆင်မပြေဘူး။ ဂျပန်အဖွဲ့ချုပ်က ရှာပေးတဲ့နည်းပြတွေက အမျိုးသား အသင်းတွေပဲ တာဝန်ယူဖူးတဲ့သူတွေဖြစ်နေတော့ ပြည်တွင်းကပဲ ခန့်ဖို့စီစဉ်နေတာ”ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်သည့် နယ်သာလန်နိုင်ငံသား နည်းပြရော်ဂျာနှင့် အောက်တိုဘာလကုန်ပိုင်းကစ၍ လမ်းခွဲခဲ့ခြင်းဖြစ်ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနှင့် လက်ရှိအချိန်ထိ နည်းပြခန့်ထားနိုင်ခြင်း မရှိသေးပေ။

မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းအနေနှင့် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်ရှိနေသည့်အတွက် နည်းပြတစ်ဦး ခန်ထားရန် ဇန်နဝါရီလကတည်းက ကြိုးပမ်းနေသော်လည်း ဖေဖော်ဝါရီလရောက်သည်အထိ နည်းပြလက်မဲ့ ဖြစ်နေသည်။

လတ်တလောတွင် နည်းပြရာထူးအတွက် အမျိုးသမီးလက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူထားပြီး ယူ ၁၉ အသင်းကို ကိုင်တွယ်နေသည့် နည်းပြ ဒေါ်သက်သက်ဝင်း ရေပန်းစားလျက် ရှိနေသည်။

J-04



FOLLOW US