News

POST TAGGED AS

မြန်မာအစိုးရ

ရခိုင်မှ ထွက်ပြေးသူများ ပြန်လည်လက်ခံရန် သဘောတူစာချုပ်မူကြမ်းကို ကုလနှင့် မြန်မာအစိုးရ လက်မှတ်ထိုး
ရန်ကုန်၊ ဩဂုတ် ၁၄

ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများ ပြန်လည်လက်ခံရန် သဘောတူစာချုပ်မူကြမ်းကို ကုလသမဂ္ဂအဖွဲ့ နှစ်ဖွဲ့နှင့် မြန်မာအစိုးရ လက်မှတ်ထိုးထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေမှူး ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။

အဆိုပါမူကြမ်းကို ဇွန်လ ၆ ရက်က ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယင်းတွင် ခေါင်းစဉ်ခွဲ ၁၁ ခု၊ အချက်ပေါင်း ၃၅ ချက် ပါရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

 “လ.ဝ.ကနဲ့ ထိုးတာပါ။ ဒီဘက်က ပို့ထားတဲ့ဖောင်မှာ လက်မှတ်တွေ၊ ဓာတ်ပုံတွေပါတယ်။ အဲဒါက မူလနေထိုင်သူ ဖြစ်ရမယ်။ မူလက ဒီမှာနေပြီး ထွက်သွားတဲ့သူဖြစ်ရမယ်၊ မြန်မာပြည်တွင် နေထိုင်ဖူး သူဖြစ်ရမယ်။ လက်ခံရေးအပိုင်းမှာ UN အဖွဲ့အစည်းတွေက ကူညီမှာပါ။ အသေးစိတ်ကို လ.ဝ.ကကိုမေးပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါသဘောတူညီမှုအပိုင်းတွင် ဒုက္ခသည်များနေရာ ပြန်လည်ချထားရေးအပိုင်းတွင် မူလနေရာနှင့် အနီးစပ်ဆုံးနေရာတွင် ပြန်လည်ချထားပေးရန်အချက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လုပ်ဆောင်မည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး UN Resident Coordinator၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ် UNHCR respresentative တို့က နားလည်မှု စာချွန်လွှာလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

“မနက်ဖြန် ပြန်ဆက်ပေး၊ အစည်းအဝေးလုပ်တဲ့အရာရှိနဲ့ ချိတ်ပေးမယ်။ အတိုင်ပင်ခံရုံးကလုပ်တဲ့ အစည်းအဝေး၊ ဘယ်အချက်တွေက လ.ဝ.ကနဲ့ ဆိုင်သလဲ ပြန်ပြောပေးမယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က ဆိုသည်။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးထံ The Voice သတင်းစာက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ခေါ်ဆို၍မရခဲ့ချေ။

အဆိုပါ နားလည်မှု စာချွန်လွှာ မူကြမ်းပါအချက်များနှင့် ပတ်သက်၍ မြန်မာအစိုးရအနေနှင့် ယနေ့ထိ တရားဝင် ထုတ်ဖော်ပြောဆိုထားခြင်း မရှိခဲ့ချေ။

J-18




FOLLOW US