News

POST TAGGED AS

မြန်မာအစိုးရ

မဆိုင်သည့်ကိစ္စ ဆွေးနွေးခြင်းကြောင့် ရခိုင်ကိုယ်စားလှယ်တစ်ဦး သတိပေးခံရ
နေပြည်တော်၊ ဩဂုတ် ၁၃

အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ ချေးငွေရယူမည့်ကိစ္စကို ပြည်ထောင်စုလွှတ်တော်၌ ဩဂုတ် ၁၃ ရက် ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၄ မှ ဦးကျော်ကျော်ကို ဆွေးနွေးရမည့်အကြောင်းအရာနှင့် မဆိုင်သောအကြောင်းအရာကို ပြောကြားနေသောကြောင့် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က သတိပေးပြောကြားလိုက်သည်။

“ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေ ၆၃ (စ) နဲ့ ငြိစွန်းနေပါတယ်။ ညီညွတ်မှုမရှိပါဘူး။ နောင်တွင် ဂရုပြုဖို့ သတိပေးလိုပါတယ်။ မိမိတို့ ရရှိတဲ့အခွင့်အရေးဟာ မညီမမျှဖြစ်နေတယ်ဆိုရင် သက်ဆိုင်ရာ လွှတ်တော်မှာ သေချာမေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းများဆောင်ရွက်နိုင်ကြောင်း အသိပေးပြောကြားလိုပါတယ်”ဟု ဦးတီခွန်မြတ်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွက် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးစီးပွားရေးဆိုင်ရာ အကောင်အထည်ဖော်ရန် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ ၄၀.၅ သန်းချေးယူရန် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ဦးကျော်ကျော်က ရခိုင်ပြည်နယ်တွင် ယင်းကဲ့သို့မလုပ်ပေးသည့် အခြေအနေကို မေးခွန်းထုတ်ဆွေးနွေးမှုကြောင့် အထက်ပါအတ်ုင်း သတိပေးခံရခြင်းဖြစ်သည်။

“ခေတ်အဆက်ဆက် အာဏာရအစိုးရတွေက နှစ် ၆၀ ကျော် လျစ်လျူရှုခဲ့သော အဆင်းရဲဆုံး ပြည်နယ်ဘဝကျရောက်ခဲ့ရပါတယ်။ နေရပ်စွန့်ခွာသွားနေကြရပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ ဒါမှမဟုတ် နိုင်ငံတော်ချေးငွေတွေနဲ့ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ပေးဖို့ ဘယ်တော့ အလှည့်ကျလာမှာလဲ။ ဒီအတိုင်းပဲ လျစ်လျူရှုသွားမှာလားလို့ မေးရမလိုဖြစ်နေပါတယ်”ဟု ဦးကျော်ကျော်က ဆိုသည်။

အစိုးရဝန်ကြီးဌာနများ၏ ချေးငွေကိစ္စတို့ကို မိမိတို့အနေနှင့် သဘောတူခဲ့ကြောင်း၊ ကန့်ကွက်သူရှိခဲ့ပါကလည်း မဲခွဲဆုံးဖြတ်သည့်အခါ ကန့်ကွက်သူသာ ရှုံးသွားကြောင်း ၎င်းက ပြောသည်။

အဆိုပါကိစ္စများသည် လွှတ်တော်သို့ မေးခွန်း သို့မဟုတ် အဆိုအဖြစ် တင်ပြနိုင်ပြီး လက်ရှိဆွေးနွေးသည့် ခေါင်းစဉ်နှင့် မသက်ဆိုင်ကြောင်း နာယကက ရှင်းပြခဲ့သည်။

“ရခိုင်ပြည်နယ်ဆိုရင်လည်း စိုက်ပျိုးရေးကဏ္ဍအတွက် နိုင်ငံတကာအဖွဲ့အစည်းမှ ဒါမှမဟုတ် ချေးငွေတစ်ခါမှ ရဖူးတယ်လို့ မရှိသေးပါဘူး။ ဒါတွေကို ပြည်ထောင်စု လွှတ်တော်မှတ်တမ်းမှာ ကြည့်ရင်သိနိုင်ပါတယ်”ဟု ဦးကျော်ကျော်က ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်သည် မိုးစပါးတစ်မျိုးတည်းသာရှိပြီး သီးထပ်၊ သီးညှပ်စိုက်ပျိုးမှုမရှိကြောင်း ရခိုင်ကမ်းမြှောင်ဒေသ တစ်လျှောက်လုံးသည် ပင်လယ်နှင့် ထိစပ်နေသည့်အတွက် ရေငန်တားတာတမံကြီးတွေ လိုအပ်ပြီး ဆည်မြောင်း၊ တူးမြောင်း၊ ရေလှောင်တမံကြီးများလိုအပ်နေကြောင်း ယင်းကိစ္စသည် အစိုးရတွင် တာဝန်အပြည့်အဝရှိကြောင်း ၎င်းက ပြောကြားတင်ပြခဲ့သည်။ 

အဆိုပါ ချေးငွေကိစ္စကို လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ထောက်ခံအကြံပြု ဆွေးနွေးခဲ့ပြီး အစိုးရက ၁၅ ရက်နေ့တွင် ပြန်လည်ရှင်းလင်း ပြီးအတည်ပြုချက် ရယူမည်ဟု နာယကက ကြေညာခဲ့သည်။

S-01




FOLLOW US