News

POST TAGGED AS

မြန်မာအစိုးရ

ရွှေ့ပြောင်းကလေးများကို မိဘများနှင့်အတူ ထိန်းသိမ်းပိုင်ခွင့်ရှိသည်ဟု အမေရိကန်အစိုးရ ကြေညာ


ဝါရှင်တန်၊ ဇူလိုင် ၁

အမေရိကန်နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာသော ကလေးများကို မိဘများနှင့်အတူရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ကြားနာစစ်ဆေးမှု လုပ်ဆောင်နေသည့် ကာလအတွင်း အမေရိကန်အစိုးရက ထိန်းသိမ်းထားပိုင်ခွင့်ရှိကြောင်းဇွန်လ ၂၉ ရက်နေ့တွင် အစိုးရကတရားရုံးသို့ တင်ပြမှုတွင် ဖော်ပြထားသည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

ဖလောရက်စ် သဘောတူညီချက်ဟု ထင်ရှားသော ၁၉၉၇ တရားရုံးဆုံးဖြတ်ချက်အရ အမိမြေလုံခြုံရေးဌာနသည် တရားမဝင်ရွှေ့ပြောင်းကလေးငယ်များကို ရက် ၂၀ အကြာ ထိန်းသိမ်းထားအပြီးတွင် ပြန်လွှတ်ပေးရမည်ဖြစ်သည်။

သို့သော်လည်း သီးခြားရွှေ့ပြောင်း အမှုအခင်းတစ်ခုအတွက် ပြီးခဲ့သောအင်္ဂါနေ့က ထုတ်ပြန်ခဲ့သော ယာယီတားမြစ်မိန့်အရ ရွှေ့ပြောင်းအမှုများကို ဖြေရှင်းနေသမျှ ကာလပတ်လုံး ကလေးများကို ထိန်းသိမ်းထားရန်မှအပ အခြားနည်းရွေးချယ်စရာ မရှိတော့ကြောင်း အမေရိကန်တရားရေးဌာန ရှေ့နေများက ကယ်လီဖိုးနီးယားပြည်နယ်၊ ခရိုင်တရားရုံးသို့ တင်ပြသောလျှောက်လဲချက်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ လုံးဝသည်းညည်းမခံနိုင်သည့် မူဝါဒအရ မိဘများကို လိုအပ်သလိုထိန်းသိမ်းထားနိုင်ရန် ကလေးများနှင့် ခွဲခြားထားရှိသည့် အစိုးရမူဝါဒကို အမေရိကန်အရပ်ဘက် လွတ်လပ်ခွင့်များဆိုင်ရာသမဂ္ဂက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မေလအတွင်း ယင်းမူဝါဒကို စတင်အကောင်အထည်ဖော်ကတည်းက ခိုးဝင်လာသည့် မိသားစုများကိုဖမ်းမိပြီးနောက်ပိုင်း ခွဲထုတ်ပစ်ခဲ့ပြီး အစိုးရစောင့်ရှောက်မှုအောက်ရောက်ရှိသည့် ကလေးငယ် ၂၀၀၀ ခန့်ရှိခဲ့သည်။

ကလေးများကိုမိဘများထံမှ အဓမ္မဆွဲယူခေါ်ဆောင်သွားပုံများ ပျံ့နှံ့သွားပြီးနောက် ကန့်ကွက်မှုများ ဖြစ်ပေါ်လာခဲ့ရာ ယခုလအတွင်း ထရမ့်က ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ပြီး မူဝါဒကို ပြင်ဆင်ခဲ့သည်။ ယင်းနှင့်တစ်ဆက်တစ်စပ်တည်းပင် ဆန်ဒီယေးဂိုးရှိတရားရုံးက ယာယီတားမြစ်မိန့်ထုတ်ပြီး ခွဲခြားခံရသည့် မိဘနှင့် ကလေးများကို ရက် ၃၀ အတွင်း ပြန်လည်ပေါင်းစည်းပေးရန် အမိန့်ချခဲ့သည်။

ယင်းတားမြစ်မိန့်အတိုင်း လိုက်နာရန် လိုအပ်လာသောကြောင့် ရွှေ့ပြောင်းမိသားစုများကို အမှုရင်ဆိုင်နေသမျှကာလပတ်လုံး ခွဲထား၍မရတော့သဖြင့် အတူထိန်းသိမ်းထားရတော့မည်ဟု အစိုးရက ထုတ်ပြန်ထားသည်။ အမှုများမှာ လနှင့် နှစ်နှင့်ချီ ကြာမြင့်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။ သို့ဖြစ်ရာ ၁၉၉၇ ဖလောရက်စ်သဘော တူညီချက်အရရွှေ့ပြောင်းကလေးများကို ရက်၂၀ ထက် ပိုမထိန်းသိမ်းရ ဆိုသောဆုံးဖြတ်ချက် ပျက်ပြယ်သင့်ကြောင်း အစိုးရဘက်က လျှောက်လဲခဲ့ခြင်းဖြစ်သည်။

F-03



FOLLOW US