News

POST TAGGED AS

မြန်မာအစိုးရ

တပ်ချုပ်က အာဏာသိမ်းမည်ဟု မပြောခဲ့ကြောင်း သမ္မတရုံး ပြန်ရှင်း
ရန်ကုန်၊ ဇွန် ၂၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနှင့် အာဏာသိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆောင်းပါးရှင်တစ်ဦးဖြစ်သူ လယ်ရီဂျာကင်၏ ဘန်ကောက်ပိုစ့် သတင်းဌာနတွင် ရေးသားဖော်ပြမှုမှာ မဟုတ်မှန်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြန်လည် ရှင်းလင်းခဲ့သည်။

ဇွန်လ ၂၇ ရက်က နေပြည်တော်ရှိ MICC - 2 တွင် ပြုလုပ်သည့် တတိယ အကြိမ် ၂၁ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် လုပ်ငန်းကော်မတီ အစည်းအဝေးသို့လာရောက်စဉ် သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၈ ရက်က နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့် လုံခြုံရေးဆိုင်ရာ အထူး အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ဒေါသတကြီးဖြစ်ခဲ့သည်ဟု ပြည်တွင်းရေးနှင့်ပတ်သက်၍ ဆောင်းပါးများ ရေးသားနေသည့် လယ်ရီဂျာကင်က ပြီးခဲ့သည့်ရက်ပိုင်းက ဘန်ကောက်ပို့စ် သတင်းဌာနတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံ၏ ရခိုင်အရေး ပါဝင်ပတ်သက်မှုအကြောင်း ရေးသားထားသည့် အဆိုပါဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အစည်းအဝေး၌ တွေ့ဆုံမှုတွင် တပ်ချုပ်က ဒေါသတကြီးဖြစ်နေခဲ့ပြီး အာဏာသိမ်းမည်ဟု ပြောဆို ခဲ့သည်ဟု တပ်မတော် ထိပ်ပိုင်းအရာရှိ များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်ဟု ဆောင်းပါးတွင် ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

အဆိုပါရေးသားချက်သည် လုံးဝ မဟုတ်မှန်ဘဲ အဆိုပါအစည်းအဝေးတွင် ခေါင်းဆောင်အားလုံး ပြေပြေလည်လည်နှင့်သာ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ယင်းအစည်းအဝေးနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ထားပြီးလည်းဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရဘက်က ရခိုင်အရေးတွင် နိုင်ငံတကာက ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရသည့်အကြောင်းကို တပ်မတော်ခေါင်းဆောင်များကို အသေးစိတ်ရှင်းပြခဲ့ပြီး အဆိုပါ ရှင်းပြချက်ကိုလည်း တပ်မတော်ခေါင်းဆောင်များက နားလည်ခဲ့ပြီး ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန် ပြောကြားခဲ့ခြင်းမရှိဘဲ အကြံပြုဆွေးနွေးမှုသာ ပြန်လည် ပြုလုပ်ခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“နံပါတ်တစ်အချက်က အဲဒီလိုမျိုး ဒေါသနဲ့ ပြောဆိုတာမျိုး လုံးဝ မရှိဘူး။ နံပါတ်နှစ်အချက်က အာဏာသိမ်းဖို့ပေါ့နော်၊ ဒီလိုမျိုး အစိုးရက စီမံခန့်ခွဲနိုင်ခြင်းမရှိရင် အာဏာသိမ်းဖို့ဆိုတဲ့ ပြောကြားချက်မရှိဘူး။ နံပါတ်သုံးအချက်က အဲဒီလို ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားတာ မဟုတ်ဘူး အားလုံးနားလည်မှုရှိရှိနဲ့ ပြေပြေလည်လည်ပဲ ပြီးသွားတယ်”ဟု ၎င်းကဆိုသည်။

ဇွန်လ ၈ ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒုတိယ သမ္မတများ၊ ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ အပါအဝင်၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်တို့ ပါဝင်သည့် ကာလုံဆန်ဆန် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးသည့် အခြေအနေများ၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းမှု အခြေအနေများ၊ ရှန်ဂရီလာ ဒိုင်ယာလော့ခ်နှင့် ဆက်စပ်ကိစ္စများ၊ ရခိုင်ပြည်နယ်နှင့် နယ်စပ်လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးကြကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

J-08



FOLLOW US