News

POST TAGGED AS

မြန်မာအစိုးရ

အစိုးရသက်တမ်း ၂ နှစ်ကျော်အတွင်း စီးပွားရေးဆိုင်ရာ ပြစ်မှု ၉၀ ကျော်ကို အခွန်စည်းကြပ်ရန် စာရင်းပို့
ရန်ကုန်၊ မေ ၁၉

လက်ရှိအစိုးရသက်တမ်း ၂ နှစ်ကျော်အတွင်း စီးပွားရေးဆိုင်ရာ ပြစ်မှု ၉၀ ကျော်ကို အခွန်စည်းကြပ်ရန် စာရင်းပေးပို့ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြည်တွင်းလုပ်ငန်းများအနက် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက်၍ အခွန်မဆောင်ထားသော ပြစ်မှု ၁၀၀ ခန့်ကို စုံစမ်းရာမှ အမေရိကန် ဒေါ်လာ ၁၈၀ ကျော်နှင့် ကျပ်ငွေသိန်း ၅၃ သိန်းအပေါ် အခွန်စည်းကြပ်နိုင်ရန် စာရင်းပေးပို့ခဲ့ခြင်းဖြစ်သည်။

“စီးပွားရေးဆိုင်ရာ မသာမာမှု လုပ်ထားတဲ့ ကိစ္စမျိုးပေါ့ဗျာ။ အဲဒီကနေ နိုင်ငံတော်ဘဏ္ဍာထဲ ရောက်အောင် စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနအနေနဲ့ အခွန်စည်းကြပ်နိုင်အောင် စုံစမ်းစစ်ဆေးပြီးတော့ စာရင်း ပို့ပေးနိုင်ခဲ့တာပါ”ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ စီးပွားရေးဆိုင်ရာပြစ်မှု ၁၀၀ နီးပါးအနက်မှ ၉၅ မှုကို ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်အထိ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့၏ တာဝန်ပေးချက်အရ အထူး စုံစမ်းစစ်ဆေးရေးဌာနက ဦးဆောင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးခဲ့သော ပြစ်မှုများတွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းနှင့် စပ်ဆက်သည့်လုပ်ငန်းရှင်များက အများဆုံး ချိုးဖောက်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ယင်းဖြစ်စဉ်အတွင်း ပါဝင်သော လုပ်ငန်းများ၏ အသေးစိတ် အချက်အလက်ကိုပြောကြားရန် မလွယ်ကူကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

“စီးပွားရေးနဲ့ ပတ်သက်တဲ့ မသမာမှုတွေကို အစိုးရက များများဖော်နိုင်ဖို့ လိုအပ်တယ်။ ကိုယ့်နိုင်ငံမှာ ကျင့်ဝတ်ဖောက်ဖျက်ပြီးတော့ အခွန်ရှောင်နေတဲ့ ဖြစ်စဉ်တွေ အများကြီးရှိတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးသက်ဝင်းထွန်းက ဆိုသည်။

စီးပွားရေးဆိုင်ရာ ကျင့်ဝတ်၏ မသမာမှုဟူသော သတ်မှတ်ချက်အရ အခွန်မဆောင်ဘဲ တရားမဝင်သော နည်းလမ်းမှတစ်ဆင့် ရရှိခဲ့သော ငွေကြေး၊ ပစ္စည်းများကို အသွင်ပြောင်းခြင်း၊ ဖုံးကွယ်ခြင်း၊ တရားမဝင် လွှဲပြောင်းခြင်းဖြင့် တရားဝင် အနေအထားသို့ရောက်ရှိရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ငွေကြေးခဝါချမှု ဖြစ်စဉ်များနှင့် အလားသဏ္ဍန်တူကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းမှုနှင့် တရားစွဲဆိုမှု လုပ်ငန်းများ မြန်ဆန်လာစေရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပူးပေါင်း၍ ငွေကြေးမှတ်တမ်းများနှင့် သက်သေခံချက်များကို တရားရုံးတွင်ရယူခြင်း၊ အခြားနိုင်ငံများမှ သက်သေခံချက်များ ရယူခြင်းနှင့် တရားစွဲ အဖွဲ့အစည်းများကြား ပူးပေါင်းလုပ်ဆောင်ခြင်းစသော လုပ်ထုံး လုပ်နည်း အဆင့်ဆင့်ကို အရှိန်မြှင့် ဆောင်ရွက်ရန် ပြည်ထဲရေး ဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။

J-17



FOLLOW US