News

POST TAGGED AS

မြစ်ကြီးနား

မြစ်ကြီးနားတွင် ကချင်လူငယ်များ ဆန္ဒပြ


မြစ်ကြီးနား၊ မေ ၃

ကချင်ပြည်နယ်အတွင်း တိုက်ပွဲကြား ပိတ်မိနေသူများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကချင်လူငယ်များပါဝင်သည့် လူအင်အားတစ်ထောင်ကျော်သည် မေလ ၃ ရက်နေ့က မြစ်ကြီးနားမြို့၊ ဆွမ်ပရာဘွမ်လမ်း၊ ပြည်နယ်ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့သည်။

မြစ်ကြီးနားမြို့၊ မနောကွင်း၌ လူငယ်များစုရုံးကာ ဆုတောင်းပွဲကို နှစ်ရက်တိုင် ပြုလုပ်ခဲ့ပြီး မေလ ၃ ရက်နေ့ နံနက်ပိုင်းက ကချင်လူငယ်အင်အား တစ်ထောင်ကျော်ဖြင့် ဆန္ဒပြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန်လည်း တောင်းဆိုခဲ့သည်။

ယင်းသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံနိုင်ရန် သပိတ်ဦးဆောင်သူ သုံးဦး၊ ဘာသာရေးခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တို့သည် မေလ ၃ ရက်နေ့ ညနေ ၅ နာရီကျော်က ပြည်နယ်အစိုးရရုံးသို့ သွားရောက်ဆွေးနွေးခဲ့သည်။

“ဝန်ကြီးချုပ်ဆီကို အပြစ်မဲ့ပြည်သူတွေ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ကြားက သွားပြီးကယ်ဖို့ တောင်းဆိုသွားမယ်။ ပိတ်မိနေတဲ့ ပြည်သူတွေကို သွားကယ်ဖို့ လွတ်လွတ်လပ်လပ်သွားလို့ရပြီဆို အခု ချက်ချင်းရုပ်သိမ်းလို့ရတယ်” ဟု ယင်းဆန္ဒပြ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးစာဂျီက ပြောဆိုသည်။

အဆိုပါ သပိတ်စခန်းဖွင့်ဆန္ဒဖော်ထုတ်ဖို့ရန် သက်ဆိုင်ရာသို့ ငြိမ်း၊ စု၊ စီ ခွင့်ပြုရန် သုံးကြိမ်တိုင် တင်ပြခဲ့သော်လည်း ခွင့်ပြုမပေးခဲ့ကြောင်း၊ ကချင်လူငယ်ထုကလည်း တိုက်ပွဲကြားပိတ်မိနေသူများ လွတ်မြောက်လာခြင်းမရှိသေးသရွေ့ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းသပိတ်စခန်းဖြစ်မြောက်ရေး ဦးဆောင်ကော်မတီထံမှ သိရသည်။

အဆိုပါ တိုက်ပွဲကြား၌ ပိတ်မိနေသော ပြည်သူများ ပြန်လွတ်မြောက်လာရေးနှင့် လူသားချင်းစာနာထောက်ပံ့မှု အကူအညီပေးရေးတို့အတွက် ကချင် လူငယ်ထု ၃၀၀ ခန့်က မြစ်ကြီးနားမြို့ အ.ထ.က ၈ ရှေ့တွင် ဧပြီလ ၃၀ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုရန် စီစဉ်ခဲ့သော်လည်း ပြည်နယ်အစိုးရက ခွင့်မပြုသည့်အတွက် ရုပ်သိမ်းခဲ့ရကြောင်း ယင်းဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

လက်ရှိ တနိုင်းဒေသ၊ ကဆုန့်ဒေသနှင့် အင်ဂျန်းယန်ဒေသတို့မှ တိုက်ပွဲရှောင်လာပြီး တောထဲတွင် ပိတ်မိနေသူ စုစုပေါင်း နှစ်ထောင်ကျော်ဝန်းကျင်ရှိပြီး နမ္မတီးနှင့် မြစ်ဆုံဒေသဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသူများ အပါအဝင် စုစုပေါင်း ပြည်နယ်အတွင်း တိမ်းရှောင်သူ စစ်ဘေးရှောင် ငါးထောင်ဝန်းကျင် ရှိသည်။

R-06



FOLLOW US