News

POST TAGGED AS

မြစ်ကြီးနား

26-Apr-2018

မြစ်ကြီးနား
နမ္မတီးမြို့ရောက် စစ်ရှောင်များ နေထိုင်ရေး အခက်အခဲဖြစ်

မြစ်ကြီးနား၊ ဧပြီ ၂၆

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာအတွင်းရှိ ဘာသာရေးကျောင်းများတွင်ရောက်ရှိ ခိုလှုံနေသော ကဆုန့်နှင့် ဇွပ်မိုင်ကျေးရွာမှ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ဘေးရှောင်ဒေသခံများအတွက် နေထိုင်ရန် နေရာထိုင်ခင်း အခက်အခဲဖြင့် ကြုံတွေ့နေရကြောင်း ယင်းစစ်ဘေးရှောင်သူများထံမှ သိရသည်။

ကဆုန့်နှင့် ဇွပ်မိုင်ကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်နေသည့် ဒေသခံများသည် နှစ်ခြင်း၊ RC နှင့် AG ဘာသာရေး ကျောင်းများတွင် နေထိုင်ကြပြီး အစားအသောက်အပြင် အကူအညီများစွာ လိုအပ်ချက်ရှိနေကြောင်း နှစ်ခြင်းအသင်းတော်သို့ ရောက်ရှိနေသည့် ကဆုန့်ဒေသခံ ဦးလတောင်က ပြောကြားသည်။

“လောလောဆယ်ကတော့ စားဖို့က အလှူရှင်တွေ လာလှူတဲ့ဟာနဲ့ စားသောက်နေရတယ်။ နေထိုင်ဖို့က အရေးကြီးလိုတာပေါ့။ သမံတလင်းမှာ နေရလို့ သိပ်အဆင်မပြေဘူး”ဟု ၎င်းကဆိုသည်။

ထို့ပြင် ယခုအချိန်သည် နွေရာသီကာလ ဖြစ်သည့်အတွက် သောက်သုံးရေ ရှားပါးမှု အခက်အခဲနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ကဆုန့်နှင့် ဇွပ်မိုင်ဒေသခံများသည် လူဦးရေ ၁၀၀ဝ ကျော်ရှိပြီး ဧပြီလ ၂၀ ရက်နေ့မှစတင်ကာ မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာအနီးတွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် တိမ်းရှောင်လာသူများဖြစ်ပြီး စစ်ဘေးရှောင်အဖြစ် နမ္မတီးမြို့သို့ ဧပြီလ ၂၂ ရက်နေ့က ရောက်ရှိခဲ့သည်။

အဆိုပါ ကဆုန့်ဒေသခံများသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၁၁ တို့ တိုက်ပွဲများဖြစ်ပွားစဉ်က နမ္မတီးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဩဂုတ်လ ၂၂ ရက်နေ့တွင် အခြေအနေ တည်ငြိမ်နေပြီဟုဆိုကာ နေရပ်သို့ ပြန်လည် နေထိုင်ခဲ့သည်။

R-06



FOLLOW US