News

POST TAGGED AS

မြစ်ကြီးနား

ဒလတံတားစီမံကိန်းအနီး မဖယ်သည့်နေအိမ်များကို အစိုးရ တရားစွဲမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၎

ရန်ကုန်-ဒလတံတား တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် မလွတ်ကင်းသည့် အဆောက်အအုံများအနေနှင့် ဖယ်ရှားခြင်းမပြုပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

အဆိုပါ ရန်ကုန်-ဒလစီမံကိန်းနှင့် မလွတ်ကင်းသည့် အဆောက်အအုံ၊ မြေကွက်နှင့်ဆိုင်ခန်းများကို မြေယာလျော်ကြေး၊ မြေငှားရမ်းခ ပေးချေပြီးစီးခြင်းကြောင့် ဇန်နဝါရီလ ၃၁ ရက်အပြီး ဖယ်ရှားပေးရန် အကြောင်းကြားထားသော်လည်း နေအိမ်အဆောက်အအုံအချို့မှာ ပြောင်းရွှေ့ရန် ကျန်ရှိနေသေးကြောင်း ဒလမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောကြားသည်။

“အခုမနက် ကွင်းဆင်းကြည့်တော့ ဖျက်တဲ့အိမ်က ဖျက်တယ်။ မဖျက်တဲ့အိမ်က မဖျက်ဘူး။ ပြောင်းရွှေ့ဖို့ကျန်တဲ့ နေအိမ် လေးငါးခြောက်အိမ်လောက် ကျန်နေတယ်။ အစည်းအဝေးထိုင်ပြီးတာနဲ့ နောက်လာမယ့်အပတ်ကို နောက်ဆုံးအကြိမ် စာထုတ်မယ်။ အဲဒါမှ မဖျက်ရင်တော့ တရားစွဲသွားမယ်”ဟု ၎င်းက ဆိုသည်။

ဒလမြို့နယ်၊ ဗိုလ်မင်းရောင်လမ်းရှိ မြေကွက် ၆၅ ကွက်နှင့် ဆိုင်ခန်းများ၊ အိမ်များနှင့် အဆောက်အအုံများကို ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဇန်နဝါရီလ ၂ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ပြောင်းရွှေ့ရန်နေအိမ်၊ အဆောက်အအုံ အနည်းငယ်သာကျန်တော့ကြောင်း ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ဆိုသည်။

ဒလတံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ် မတ်လတွင် ခြံစည်းရိုးစတင်ကာရံ၍ တည်ဆောက်ရေး လုပ်ငန်းများကို စတင်မည်ဖြစ်ကြောင်းနှင့် ရန်ကုန်-ဒလမြစ်ကူးတံတားကို လေးလမ်းသွား၊ သံမဏိကြိုးဆိုင်း အမျိုးအစားနှင့် တံတားအရှည်မှာ ၆၁၄၄ ပေ ရှည်လျားမည်ဖြစ်ပြီး အမြင့်ပေ ၄၉ မီတာ တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ဒလတံတား စီမံကိန်းအတွက် တောင်ကိုရီးယားနိုင်ငံမှ ၁၃၇ ဒသမ ၈၃၃ သန်းကို ကိုရီးယားနိုင်ငံမှ ချေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းကို မြန်မာအစိုးရဘက်က စိုက်ထုတ်ကာ တည်ဆောက်သွားမည်ဖြစ်သည်။

ရန်ကုန်-ဒလတံတား တည်ဆောက်ပြီးစီးပါက ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြည်သူများ၏ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်သည်။  

J-10



FOLLOW US