News

POST TAGGED AS

မြစ်သားမြို့နယ်

မြစ်သားဒေသခံတောင်သူငါးဦးကို တိုင်းတရားလွှတ်တော်က ထောင်နှစ်ပတ်စီချ
မန္တလေး၊ ဇူလိုင် ၁၇

မြစ်သားမြို့နယ် တေစိုးကျေးရွာမှ ထွန်တုံးတိုက်ပွဲပြုလုပ်သည့် ဒေသခံတောင်သူငါးဦးကို မြို့နယ်နှင့်ခရိုင်တရားရုံးတို့က ပြစ်မှုမမြောက်ဟုဆိုကာ အမှုမှ အပြီးအပြတ်လွှတ်ခဲ့သော်လည်း မန္တလေးတိုင်း တရားလွှတ်တော်က ဇူလိုင်လ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၁၄ ရက်စီကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

တောင်သူများအပေါ်တွင် ပြစ်ဒဏ်တိုးမြှင့်၍ ပုဒ်မ-၄၄၇ နှင့် ပုဒ်မ ၄၂၇ အရ ဒဏ်ငွေ ကျပ် ၂၀၀ စီပေးဆောင်ရန်နှင့် ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ် ၁၄ ရက်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြစ်ဒဏ်ချမှတ်ခံရသည့် တောင်သူများက ပြောဆိုသည်။

“ကျွန်မတို့အနေနဲ့ ဒဏ်ငွေဆောင်မှာမဟုတ်ဘူး”ဟု ပြစ်ဒဏ်ချမှတ် ခံရသည့် မြစ်သားမြို့နယ် တေစိုးကျေးရွာ ဒေသခံတောင်သူ ဒေါ်ခင်ညိုက ပြောကြားသည်။ 

မန္တလေးတိုင်းတရားလွှတ်တော်က ချမှတ်လိုက်သောအမိန့်ကို မြစ်သားမြို့နယ်တရားရုံးက ဇူလိုင် ၂၅ ရက်နေ့တွင် အတည်ပြုပေးမည်ဖြစ်ကြောင်း တောင်သူများ၏အကျိုးဆောင်ရှေ့နေ ဦးနိုင်နိုင်ထွန်းက ပြောကြားသည်။

မြစ်သားမြို့နယ် တေစိုးကျေးရွာမှ ထွန်တုံးတိုက်ပွဲပြုလုပ်သူ ဒေါ်ခင်ညိုအပါအဝင် တောင်သူငါးဦးကို ၂၀၁၆ ခုနှစ် ဧပြီလ ၈ ရက်နေ့က မြစ်သားမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ပြစ်မှုမမြောက်သဖြင့် ယင်းမြို့နယ်တရားရုံးက အမှုမှအပြီးပြတ်လွှတ်ခဲ့သည်။

ယင်းတောင်သူငါးဦးသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က လွန်ကျော်စိုက်ကွင်း၊ ကွင်းအမှတ် ၆၀၉/ ၆၁၀/၆၁၁ တို့တွင် ထွန်တုံးတိုက်ပွဲပြု လုပ်သဖြင့် လွန်ကျော်ဝါသုတေသနမျိုးသန့် ခြံမန်နေဂျာ ဦးဝင်းမြင့်က တရားလိုပြုလုပ်ကာ ကျူးကျော်မှုပုဒ်မ ၄၄၇၊ အကျိုး စီးပွားပျက်စီးစေမှု ပုဒ်မ ၄၂၇ တို့ဖြင့် တရားစွဲဆိုခဲ့သော အမှုဖြစ်ကြောင်း မြစ်သားတရားရုံးထံမှ သိရသည်။

ဒေသခံတောင်သူများပိုင်ဆိုင်သော လယ်ယာမြေများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဝါသုတေသနပြုလုပ်ရန် ၁၉၆၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၇၉-၁၉၈၀ ပြည့်နှစ်တွင်တစ် ကြိမ်၊ ၁၉၈၃-၁၉၈၄ ခုနှစ်ကတစ်ကြိမ် သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

M-01



FOLLOW US