News

POST TAGGED AS

မြစ်သားမြို့နယ်

MAB ဘဏ်က တောင်သူများကိုစိုက်စရိတ် ကျပ် ၁ ဒသမ ၆ ဘီလီယံကျော် ထုတ်ချေး


ရန်ကုန်၊ ဇွန် ၃၀

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ရှိ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသင်းဝင် တောင်သူလယ်သမား ၆၉၀ ဦးကို မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) က စုစုပေါင်းချေးငွေ ကျပ် ၁ ဒသမ ၆ ဘီလီယံကျော် ထုတ်ချေးခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

ချေးငွေထုတ်ချေးပေးသည့် အခမ်းအနားကို ဇွန်လ ၂၉ ရက်နေ့က ဓနုဖြူမြို့၊ ကဉ္စနကျွန်းသာ Gold Delta ကုမ္ပဏီခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချေးငွေထုတ်ချေးပေးရာတွင် ချေးငွေအာမခံအတွက် လယ်ယာမြေမှတ်ပုံတင်ပုံစံ (၇) မူရင်းကို အာမခံရယူထားကာ တစ်ဧကလျှင် ကျပ်လေးသိန်းနှုန်းဖြင့် သုံးနှစ်အတွင်း ငါးရစ်အကျေပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

“ရာသီအလိုက် ကူညီပေးတဲ့ ချေးငွေတွေကတော့ MAB ကနေ ပုံမှန်ပေးနေတယ်။ ဒါပေမဲ့ အသင်းဝင်တဲ့အခါမှာ ဓနုဖြူက တက်တက်ကြွကြွနဲ့ ဝင်ထားကြတယ်။ အသင်းဝင်ပေါင်းလည်း ၁၄၀၀ လောက်ရှိတယ်။ ချေးငွေစမ်းချေးတဲ့ နေရာတွေမှာလည်း သစ္စာရှိတဲ့အတွက် ၁ ဒသမ ၆ ဘီလီယံကို အများဆုံးထုတ်ချေးပေးတာ”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောကြားသည်။ 

MAB သည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ပိုင်ဆိုင်သည့် ဘဏ်တစ်ခုဖြစ်ပြီး ယင်းဘဏ်က နှစ်စဉ် ရာသီအလိုက် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် ချေးငွေများ ထုတ်ချေးပေးခဲ့သော်လည်း ဓနုဖြူမြို့နယ်သို့ ထုတ်ချေးပေးခဲ့သည့် ကျပ် ၁ ဒသမ ၆ ဘီလီယံကျော်သည် ပထမဆုံးအကြိမ်အဖြစ် ပမာဏအများဆုံး ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

လယ်ယာသားငါး ထုတ်လုပ်မှုတိုးတက်စေရန်အတွက် MAB က ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသင်းဝင်တောင်သူများကို ချေးငွေများ စိစစ်ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဖုန်း ဝ၁-၂၁၈၂၆၆၊ ဝ၁- ၂၁၈၂၆၇၊ ဝ၁- ၂၁၈၂၆၈၊ ဝ၁- ၂၃၀၁၁၂၈၊ ဝ၁- ၂၃၀၁၁၂၉ တို့ထံ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

J-11



FOLLOW US