News

POST TAGGED AS

မြစ်ကူးတံတား

ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့်တွေ့ဆုံခြင်း


“ဆိုင်းကြိုး ၄ ကြိုးရှိတဲ့အထဲကနေ ၃ ကြိုးပြတ်သွားတာ၊ တံတားရဲ့ ခံနိုင်ဝန်အားမရှိတော့တဲ့အတွက် ပြတ်ကျတာလို့ ယူဆရမှာပါ”

လွန်ခဲ့သော ၂၂ နှစ်ခန့်က တရုတ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၈ သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့သည့် မြောင်းမြမြစ်ကူးကြိုးတံတားမှာ ဧပြီလ ၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်တွင် ပြတ်ကျခဲ့သည်။ ကြိုးတံတားပြတ်ကျမှုကြောင့် ကားတစ်စီးနှင့် လူနှစ်ဦး ပျောက်ဆုံးလျက်ရှိသည်။ မြောင်းမြ၊ လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်မှ ကျေးရွာ ၈၀၀ ခန့် ဆက်သွယ်သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်လျက်ရှိသည်။ တံတားပြတ်ကျမှုနှင့် သွားလာရေးကိစ္စများ စီမံဆောင်ရွက်ထားမှုကို ဧရာဝတီတိုင်းရှိ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကို The Voice က ဆက်သွယ်မေးမြန်းထားမှုကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဝန်ကြီးခင်ဗျာ တံတားပြတ်ကျတဲ့ အကြောင်းအရင်းကို သိချင်ပါတယ်။
UWH : ဒီနေ့မနက်ပိုင်း ၁ နာရီ ၄၅ မိနစ်လောက်က ဖြစ်တာပါ၊ အဓိကကတော့ မြောင်းမြဘက်အခြမ်းက ဆိုင်းကြိုး ၄ ကြိုးရှိတဲ့အထဲကနေ ၃ ကြိုးပြတ်သွားတာ၊ တံတားရဲ့ ခံနိုင်ဝန်အားမရှိတော့တဲ့အတွက် ပြတ်ကျတာလို့ ယူဆရမှာပါ၊ စစ်ဆေးပြုပြင်ချက်တွေအရ မြောင်းမြဘက်အခြမ်းက တိုင်တွေက မြစ်ဘက်ကို ၁၈၂ မီလီမီတာလောက် စောင်းနေပါတယ်၊ သက်တမ်းလည်းကျော်နေတယ်၊ ခံနိုင်ဝန်အားလည်း ကျနေတဲ့အတွက် တံတားအသစ်တည်ဆောက်ရေးအတွက် လုပ်ငန်းတွေလည်း လုပ်နေကြပါပြီ၊ ၂၀၁၇ ဇူလိုင်လကတည်းက စတင်နေတာပါ၊

Voice : တံတားရဲ့ ခံနိုင်ဝန်ကို ဘယ်လိုသတ်မှတ်ပြီး ဖြတ်သန်းခွင့်ပြုနေပါသလဲခင်ဗျာ။
UWH : တံတားက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် (၁၉၉၄) က တည်ဆောက်ခဲ့တာပါ၊ စဖွင့်ခါစက ခံနိုင်ဝန်တန် ၆၀ သတ်မှတ်ထားပေမယ့် နောက်ပိုင်းမှာ ခံနိုင်ဝန်တွေကျဆင်းလာလို့ အခုချိန်အထိ တန် ၂၀ ပဲ သတ်မှတ်ပေးထားပါတယ်။

Voice : တံတားပြတ်ကျတုန်းက ဘာတွေပါသွားပါသလဲခင်ဗျာ။
UWH : ကုန်ကားတစ်စီးပါသွားပါတယ်၊ ကုန်ကားက ကြက်စာဘဲစာတင်လာပြီး ရန်ကုန်ကနေ မြောင်းမြကို လာတာပါ၊ ကားထဲမှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် (ညီအစ်ကို ၂ ဦး) ပါသွားပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ရှာဖွေနေတုန်းပါ၊ 

Voice : တိုင်းအစိုးရအဖွဲ့အနေနဲ့ တံတားပြတ်ကျမှုကို ဘာတွေဆောင်ရွက်ပေးထားပါသလဲခင်ဗျာ။
UWH : ဒီဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ ဝန်ကြီးချုပ်ဦးဆောင်တဲ့ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေလာတယ်၊ ကြီးကြပ်ဆောင်ရွက်မှုတွေ ညှိနှိုင်းပေးတယ်၊ မြစ်ကြောင်းထဲမှာသွားလာနေတဲ့ ရေယာဉ်တွေ အန္တရာယ်ကင်းဖို့ အန္တရာယ်ဇုန်သတ်မှတ်ပြီးတော့ ရေယာဉ်တွေ၊ သင်္ဘောတွေ သွားလာခွင့်ကို မြစ်ရဲ့အထက်မှာရော အောက်ဘက်မှာပါ အချက်ပြပိတ်ထားပါတယ်၊ ရေတက်ရေပြည့်မယ်ဆိုရင်တော့ စက်လှေငယ်လေးတွေကို ယာယီဖြတ်သန်းခွင့်တော့ ပေးမှာပါ။

Voice : ခရီးသည်ကားတွေ၊ ကုန်ကားတွေ သွားလာဖို့ရော ဘယ်လိုစီစဉ်ထားပါသလဲ။
UWH : မြောင်းမြကိုလာရောက်ကြမယ့် ခရီးသည်ကားတွေ၊ ကုန်ကားတွေက တစ်ဖက်မှာ အကြာကြီး ရပ်ထားလို့မရနိုင်ဘူး၊ အဲတော့ကျွန်တော်တို့က ဇက်နဲ့ကူးပေးဖို့လုပ်နေတယ်၊ မြေနေရာရှာနေတယ်၊ ပုသိမ်နဲ့ ရန်ကုန်ကကားပါတင်နိုင်မယ့် ဇက်ရေယာဉ်တွေကို လှမ်းခေါ်ထားပြီးပါပြီ၊ အမြန်ဆုံးကူးပေးနိုင်အောင် ဆောင်ရွက်မှာပါ၊ ဇက်ကူးခကိုတော့ အခမဲ့သတ်မှတ်ဖို့ ညှိနှိုင်းထားပါတယ်။

Voice : တိုင်းအတွင်းမှာရှိတဲ့ ကြိုးတံတားဘယ်နှစင်းလောက်ရှိပြီး အခုလိုဖြစ်စဉ်မျိုး မဖြစ်ဖို့ ဘာတွေလုပ်မလဲ။
UWH : တိုင်းအတွင်း မြစ်ကူးကြိုးတံတား ၅ စင်း ရှိပါတယ်၊ အဲဒီ ၅ စင်းကို ပုံမှန်ပြုပြင်မှုတွေအပြင် အော်ပရေးရှင်းတစ်ခု သတ်မှတ်ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်သွားဖို့ရှိပါတယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zaw G



FOLLOW US