News

POST TAGGED AS

မြစ်ကူးတံတား

မြောင်းမြ မြစ်ကူးတံတားကျိုး ကားတစ်စီးနှင့် လူနှစ်ဦးပျောက်ဆုံး၊ မြစ်ကူးမည့်ကားများ ပိတ်မိ


မြောင်းမြ၊ ဧပြီ ၁
 
သက်တမ်း၂၁ နှစ်ကျော် ရှိပြီဖြစ်သော မြောင်းမြမြို့အဝင် မြစ်ကူးကြိုးတံတား ဧပြီလ ၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က ပြတ်ကျခဲ့ပြီး ၆ ဘီး ကုန်တင်ယာဉ်တစ်စီးနှင့် လူနှစ်ဦးမြစ်ထဲကျကာ ပျောက်ဆုံးနေသည်။ 

ယင်းကြိုးတံတားမှာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အနီး၊ လပ္ပတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော် ကားလမ်းမပေါ်ရှိ မြောင်းမြမြစ်ကို ဖြတ်ကူးတည်ဆောက်ထားသည့် မြောင်းမြမြို့အဝင် ကြိုးတံတားဖြစ်သည်။

ယင်းတံတား ပြတ်ကျသွားခြင်းကြောင့် မြောင်မြမြစ်ဖြတ်ကူးမည့် ကားများပိတ်မိနေပြီး မြစ်ဖြတ်ကူးနိုင်ရန် ဇက်များကို ရန်ကုန်နှင့်ပုသိမ်မှ မှာယူထားကြောင်း၊ ယနေ့ဇက်များရောက်လာပါက ကားများ မြစ်ဖြတ်ကူးနိုင်မည်ဖြစ်ကြောင်း အစိုးရက ဆိုသည်။ 

တံတားကျိုးကျသော အခြေအနေနှင့်ပက်သက်၍ ယင်းတံတားအနီးရှိ မြောင်းမြတံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင်က ဝန်ထမ်းတစ်ဦးက “ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့ ဝုန်းကနဲ အသံကြားလိုက်တယ်၊ အသံကြားလို့ ကြည့်လိုက်တဲ့ အချိန်မှာ ဖုန်လုံးကြီးတွေက မိုးပြီးတံတားကို ကွယ်နေတာ၊ ရေသံတွေပါကြားလို့ တံတားပေါ်နားက ပိုက်ဆံသိမ်းတဲ့ ဂိတ်ကိုမေးတော့မှ တံတားပြတ်ကျမှန်းသိတာ”ဟု ဆိုသည်။ 

ရန်ကုန်မှမြောင်းမြသို့ မောင်းနှင်လာသော ၆ ဘီးကုန်တင်ယာဉ် ဖြတ်သန်းမောင်းနှင်နေစဉ် တံတားပြတ်ကျခဲ့ပြီး အဆိုပါကုန်တင်ယာဉ်သည် မြောင်းမြမြစ်အတွင်းသို့ ပြုတ်ကျသွားကာ ယာဉ်မောင်းအပါအဝင်၂ ဦးပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

ပျောက်ဆုံးနေသူနှစ်ဦးမှာ ယာဉ်မောင်း ကိုသန်းဇော်ထိုက်( ၃၆ နှစ်) နှင့် ၎င်း၏ညီ ကိုဝင်းထိုက်အောင် (၁၆ နှစ်) တို့ဖြစ်ကြောင်း မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

တံတားပြတ်ကျမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေ ဝန်ကြီးက “မြောင်းမြဘက်ခြမ်းက ဆိုင်းကြိုးလေးချောင်းရှိတဲ့အနက်မှာ ၃ ချောင်း ပြတ်ကျသွားတာ၊ ဒီတံတားရဲ့ခံနိုင်ဝန်ကျနေတဲ့ အခါမျိုးမှာဖြစ်သွားတာ”ဟု ပြောသည်။

တံတားမှာ ပေ ၁၄၅၀ ရှည်ပြီး ၃၈ ပေ ကျယ်ဝန်းကာ တံတား၏ခံနိုင်ဝန်မှ စတင်ဖွင့်လှစ်ချိန်က တန် ၆၀ သတ်မှတ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှစ၍ တန်ချိန် ၂၀ အထိသာ သွားလာရန် အစိုးရက သတ်မှတ်ခဲ့သည်။ 

တံတားပျက်ကျရာနေရာသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းအစိုးရအဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများ ရောက်ရှိကာ တံတားနှင့်ပတ်သက်၍ ရှင်းလင်းရေးများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်။ 

ယင်းအပြင် ဒေသခံများ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ဧပြီလ ၁ ရက် ညနေပိုင်းအထိ ကားနှင့်လူကို ရှာမတွေ့သေးကြောင်း၊ ကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှ သိရှိရသည်။ 

တံတားပြတ်ကျမှုကြောင့် မြောင်းမြ၊ လပွတ္တာ၊ ဝါးခယ်မမြို့နယ်ရှိ ကျေးရွာ ၈၀၀ ခန့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

ယင်းအပြင် မြောင်းမြမြို့မှ အရေးကြီးလူနာများကို ရန်ကုန်နှင့်ပုသိမ်သို့ ပို့ရန်အတွက်မြစ်ကို စက်လှေများဖြင့်ကူးကာ တစ်ဘက်ကမ်းရှိ လူမှုရေးအသင်းအဖွဲ့များ၏ လူနာတင်များဖြင့် ပို့ဆောင်ပေးနေရကြောင်း၊ ယင်းအပြင် မြောင်းမြမြို့နေသူများက လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်ဈေးနှုန်းတက်မည်ကို စိုးရိမ်နေပြီး ဇက်ဖြင့် အမြန်ဆုံးကူးဖြတ်နိုင်ရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးစေလိုကြောင်း မြောင်းမြမြို့ ကရုဏာရှင်လူငယ်များအဖွဲ့မှ အဖွဲ့ဝင် ကိုဝေလင်းအောင်က ပြောကြားသည်။ 

မြောင်းမြကြိုးတံတားကို ၁၉၉၄ ခုနှစ်က မြန်မာအစိုးရနှင့် တရုတ်အစိုးရက မြန်မာအင်ဂျင်နီယာနဲ့ တရုတ်အင်ဂျင်နီယာတို့ ပူးပေါင်းဆောက်လုပ်ခဲ့ကြောင်း၊ စတင်ဆောက်လုပ်ပြီး ၁၉၉၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ကြိုးများပြတ်ထွက်ကုန်၍ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။

ယင်းတံတားဟောင်း၏ သက်တမ်းကို နှစ် ၂၀ သတ်မှတ်ထားပြီး သက်တမ်းကာလ ကျော်လွန်နေချိန်တွင် တန်ချိန်လျော့ကာ သွားလာနေပြီး ယခုနှစ် မတ်လ ၁၂ ရက်က အကြီးစား ပြန်လည်ပြင်ဆင်နေပြီးနောက် ရက် ၂၀ အကြာတွင် တံတားပြတ်ကျခြင်းဖြစ်သည်။

အဆိုပါ တံတားဟောင်းဘေးတွင် သံကူကွန်ကရစ်တံတားသစ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစတင်ကာ ဂျပန်အကူအညီဖြင့် စတင်ဆောက်လုပ်နေပြီး တည်ဆောက်မှုကာလ ၂ နှစ် လျာထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ 




FOLLOW US