News

POST TAGGED AS

ပြန်ကြားရေးဝန်ကြီး

နိုင်ငံပိုင် မီဒီယာများ ကြော်ငြာများစွာ ရသော်လည်း သန်းထောင်ချီ အရှုံးပြ
နေပြည်တော် ၊ စက်တင်ဘာ ၎

နိုင်ငံပိုင် မီဒီယာများသည် ဈေးကွက်ဝေစု အကြီးမားဆုံးရထားပြီး ကြော်ငြာများစွာ ရရှိနေသော်လည်း ကျပ်သန်း ထောင်ချီ အရှုံးပြခဲ့ကြောင်း ပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဝင်ငွေမှာ ၂၀ ဒသမ ၃၇၄ ဘီလီယံ၊ အသုံးစရိတ် ၂၁ ဒသမ ၅၃၇ ဘီလီယံဟု တွေ့ရသောကြောင့် ၁ ဒသမ ၁၅၈ ဘီလီယံ အရှုံးပြနေသည်ကို တွေ့ရကြောင်း ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက စက်တင်ဘာလ ၄ ရက်၌ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြပြောကြားလိုက်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် သုံးသပ်ချက်အစီရင်ခံစာ (၉/၂၀၁၈) နှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ဝင်ရောက် ဆွေးနွေးထောက်ပြခဲ့ခြင်းဖြစ်သည်။ 

ပြန်ကြားရေးဝန်ကြီးဌာန (သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း) သည် ပြည်သူ့ဘဏ္ဍာငွေ၊ အရင်းအမြစ်၊ နိုင်ငံဘတ်ဂျက်ဖြင့် ခန့်ထားသောဝန်ထမ်းများ စသည့် အားသာချက်များကို သုံးစွဲနေသော်လည်း နိုင်ငံပိုင်မီဒီယာများ၏ စွမ်းဆောင်ရည်မှာ လိုအပ်ချက်များစွာရှိနေကြောင်း၊ ရခိုင်ပြည်နယ်အရေးတွင် နိုင်ငံပိုင်မီဒီယာ၏ စွမ်းဆောင်ရည်မှာ အားနည်းချက်များစွာ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့မီဒီယာများ၏ ဖော်ပြချက်များကို ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိခဲ့ကြောင်း၊ တစ်ဖက်သတ်တိုက်ခိုက်ခံခဲ့ရသည့်ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေနှင့် ပြန်လည်ရှင်းလင်းစေလိုကြောင်း ဒေါ်အေးမြမြမျိုးက ဆွေးနွေးခဲ့သည်။ 

ပြန်ကြားရေးဝန်ကြီးဌာန (သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း) သည် နှစ်စဉ် အရှုံးပေါ်သည့်ကိစ္စများကြောင့် ယခင် ဦးသိန်းစိန် အစိုးရတာဝန်ယူခဲ့သောအချိန်မှ ယနေ့ကျင်းပဆဲ လွှတ်တော်အထိ ကိုယ်စားလှယ်များ၏ ထောက်ပြဝေဖန် မေးခွန်းထုတ်မှုများကို ဖြေရှင်းဆောင်ရွက်နေရဆဲဖြစ်သည်။

S-01



FOLLOW US