News

POST TAGGED AS

ပြတိုက်

အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အပေါ်ထပ် တက်ရောက်ခွင့်ပိတ်
ရန်ကုန်၊ ဇူလိုင် ၁

ရန်ကုန်မြို့တော်ရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် ပထမထပ်သည် ကြံ့ခိုင်မှု အားနည်းနေပြီး ပြိုကျမည့် အန္တရာယ်ရှိနေခြင်းကြောင့် ယခုနှစ် အာဇာနည်နေ့တွင် တက်ရောက်ခွင့် ပိတ်လိုက်ကြောင်း ယင်းပြတိုက်တာဝန်ခံ ဒေါ်သီသီသောင်းက ပြောကြားသည်။

ထိုသို့ကန့်သတ်ထားသော်လည်း ပထမထပ်ရှိ ပြခန်းများကို LED ဘုတ်ဖြင့် ချိတ်ဆက်ပြသပေးမည်ဟု ၎င်းကပြောဆိုသည်။

“အဆောက်အအုံရဲ့ ခံနိုင်ဝန်က သက်တမ်း ရင့်လာတော့ ကြံ့ခိုင်မှု နည်းနေပြီ။ ပညာရှင်အဖွဲ့တွေ စစ်ဆေးပြီးတော့ အကြံပြုထားတာကြောင့် အခုလို တားမြစ်လိုက်တာပါ။ အာဇာနည်နေ့ဆို လူထောင်ချီလာတယ်” ဟု ဒေါ်သီသီသောင်းက ရှင်းပြသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ ကြံ့ခိုင်မှုကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အထူးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်းနှင့်အဖွဲ့က ယခုနှစ်အတွင်း စစ်ဆေးခဲ့ပြီးနောက် အကြံပြုထားခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။

ထိုသို့ကန့်သတ်ထားသော်လည်း ပြတိုက်မြေညီထပ်ကိုမူ ပြည်သူများအနေနှင့် အချိန်မရွေး ဝင်ထွက်ကြည့်ရှုနိုင်ကြောင်း၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၁) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ပြတိုက်ကို သုံးရက် ဆက်တိုက် ဖွင့်ပေးထားမည်ဖြစ်ပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အချိန်တိုးဖွင့်ရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက စီစဉ်ထားသည်။

“အဆောက်အအုံ အရည်အသွေးက သစ်သားနဲ့ ဆောက်ထားတော့ လူများများနဲ့ဆို ခံနိုင်ဝန် ဘယ်လိုမှရှိမှာ မဟုတ်ဘူး။ အင်ဂျင်နီယာပိုင်းနဲ့ ကြိုတင်စစ်ဆေးထားတာ ကောင်းပါတယ်”ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် ဦးသက်နိုင်က မှတ်ချက်ပြုသည်။

ဗိုလ်ချုပ်ပြတိုက် အဆောက်အအုံ ပထမထပ်ကို ယခင်က လူဦးရေ ၁၀ ဦး တစ်သုတ်ဖြင့်သတ်မှတ်၍ တက်ရောက်ခွင့် ပေးခဲ့သော်လည်း အဆောက်အအုံကို ရေရှည် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ တက်ရောက်ခွင့် ပိတ်ပင်ရခြင်းဖြစ်ကြောင်း ရန်ကုန် အမျိုးသားပြတိုက်ထံမှလည်း စုံစမ်းသိရသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ပြတိုက်အဖြစ် ဖွင့်ထားသည့် အဆောက်အအုံသည် ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားချိန် နေထိုင်ခဲ့သောအိမ်ဖြစ်ပြီး အဆောက်အအုံသက်တမ်းအရ ၉၇ နှစ် ရှိပြီဖြစ်သည်။

၂၀၁၇ ခုနှစ် အာဇာနည်နေ့က ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ တစ်ရက်အတွင်း လာရောက်သူ သုံးသောင်းကျော် ရှိခဲ့ကြောင်း ယင်းပြတိုက်မှတ်တမ်းများအရ သိရသည်။

J-17



FOLLOW US