News

POST TAGGED AS

ပြည်

ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ် စိုက်ထူခြင်း နှစ် ၄၀ ပြည့် အခမ်းအနားပြုလုပ်


ပြည်၊ ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်း စီးကျောက်ရုပ်စိုက်ထူခဲ့ခြင်း နှစ် ၄၀ ပြည့် ပတ္တမြားရတုအခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း ဗိုလ်ချုပ်ကျောက်ရုပ် ပတ္တမြားရတုဖြစ် မြောက်ရေးကော်မတီမှ ကိုဖြိုးကျော်က ပြောကြားသည်။

ယင်းနေ့နံနက်က ဘင်ခရာတီးဝိုင်းများဖြင့် ပတ္တမြားရတုအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ဖြစ်မြောက်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူများနှင့် ရုပ်တုပြုထုလုပ်ရာ တွင်ပါဝင်ခဲ့သူများက အမှတ်တရစကား ပြောကြားခြင်းနှင့် ရုပ်တုလုပ်ခဲ့စဉ်က သမိုင်းမှတ်တမ်းဓာတ်ပုံများကို ပြသခြင်းတို့ကို ပြုလုပ်ခဲ့သည်။

“နှစ် ၄၀ ပြည့်လုပ်တာက အဓိက ကတော့ ဗိုလ်ချုပ်လို ငယ်သေးတဲ့အချိန်မှာပဲ တိုင်းပြည်အတွက် အနစ်နာခံ လုပ်ဆောင်သွားမှုတွေ အောက်မေ့အတုယူနိုင်အောင်ဖြစ်ပါတယ်”ဟု ကိုဖြိုးကျော်က ဆိုသည်။ 

အဆိုပါအခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့မှ အာဇာနည်နေ့ (ဇူလိုင် ၁၉ ရက်) အထိ ပြုလုပ်မည်ဖြစ်ပြီး ရုပ်တုပြုလုပ်စဉ်က ပါဝင်ခဲ့သူများလည်း ပြန်လည်ပါဝင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ဒါကို ဒီလိုလုပ်လိုက်နိုင်တဲ့ဆိုတဲ့ ဂုဏ်ယူဝမ်းသာမှုမျိုးနောက် မျိုးဆက်တွေလည်း နှစ်ပေါင်း ၅၀ ၊ နှစ်ပေါင်းတစ်ရာ ဆက်လက်ပြီးတော့ ဒီဟာကိုလုပ်သင့်တယ်၊ ထိန်းသိမ်းသွားသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်စိုက်ထူခဲ့ခြင်း နှစ် ၄၀ ပြည့် ပတ္တမြားရတုဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် ဦးငြိမ်းချမ်းဝေက ပြောဆိုသည်။

အဆိုပါ အခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့မှ အာဇာနည်နေ့အထိ လေးရက်ကြာပြုလုပ်မည်ဖြစ်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် သက်ဆိုင်သော ပန်းချီ၊ ကာတွန်းပန်းပုလက်ရာများ ပြသထားခြင်းနှင့် လူထုစကားဝိုင်း အစီအစဉ်များလည်း ပါဝင်ကြောင်း စီစဉ်သူများထံမှ သိရသည်။

“ဒီရုပ်တုမျိုးနောက်တစ်ခေါက်ရ ဖို့မလွယ်ပါဘူး။ ဒီဟာက အင်မတန်ရခဲတဲ့ လက်ရာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်တု ရေရှည်ခံဖို့ကိုလည်း ဝိုင်းဝန်းစေချင်ပါတယ်။ ပညာရှင်ပိုင်းလေးတွေနဲ့ ထိန်းသိမ်းပေးစေချင်ပါတယ်”ဟု အဆိုပါရုပ်တုကို ဦးဆောင်ထုလုပ်ခဲ့သော ပန်းပုဦးဟန်တင်၏အဖွဲ့တွင် ပါဝင်လုပ်ကိုင်ခဲ့သည့် ပန်းပုပညာရှင် ဦးထွန်းအောင်က ပြောဆိုသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ကို ၁၉၇၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် စိုက်ထူဖွင့်လှစ်ခဲ့ရာ ယခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့၌ နှစ်ပေါင်း ၄၀ ပြည့်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံး စိုက်ထူခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်တုလည်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ယင်းရုပ်တုကို ရန်ကုန်မြို့၊ ဆောက်လုပ်ရေးကော်ပိုရေးရှင်း အဆောက်အုံ ပညာဌာနစိတ်၊ ပန်းပုပညာဌာနမှ ပန်းပုပညာရှင် ဦးဟန်တင်နှင့်အဖွဲ့မှ ၁၉၇၇ ခုနှစ်တွင် ကိုးလအကြာ ထုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

M-06




FOLLOW US