News

POST TAGGED AS

ပြည်

အဝေးသင်စာမေးပွဲ တက္ကသိုလ်အလိုက် မေးခွန်းထုတ်မည်

ရန်ကုန်၊ ဇွန် ၁၆

ယခင်က အဝေးသင်စာမေးပွဲကို ရန်ကုန်အဝေးသင်နှင့် မန္တလေး အဝေးသင် တက္ကသိုလ်တို့က မေးခွန်းထုတ်စစ်ဆေး ခဲ့ရာမှ ၂၀၁၉ ခုနှစ်မှစ၍ တက္ကသိုလ် အလိုက် မေးခွန်းထုတ်ကာ စစ်ဆေးတော့ မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်ထံမှ သိရှိရသည်။

အဝေးသင်တက္ကသိုလ် ဌာနခွဲများ က စာမေးပွဲမေးခွန်းထုတ်ခြင်းကို ၂၀၁၉ ပညာသင်နှစ်တွင် စတင်မည်ဖြစ်သော်လည်း ပထမနှစ် အဝေးသင်ကျောင်းသားများအတွက်သာ  အကျုံးဝင်မည်ဖြစ်ကာ နောက်ပညာသင်နှစ်များတွင် တစ်နှစ်ချင်း ပြောင်းလဲမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။ 

ရန်ကုန် အဝေးသင်တက္ကသိုလ် တာဝန်ရှိသူတစ်ဦးက “မေးခွန်း ပုံစံပြောင်းမှာ မဟုတ်ဘူး။ မေးခွန်းထုတ်တဲ့သူ ပြောင်းသွားမှာပေါ့။ ပိုပြီးကောင်းသွားမယ်လို့ ထင်ပါတယ်။ သူ့ကျောင်းသား ဖြစ်သွားပြီ။ ရန်ကုန်အဝေးသင် ကျောင်းသား မဟုတ်တော့ဘူး။ သက်ဆိုင်ရာ တက္ကသိုလ်က ပိုင်သွားပြီပေါ့။ ဒါကြောင့် သက်ဆိုင်ရာကို လွှဲပေးလိုက်တာပါ”ဟု ပြောကြားသည်။

ယခင်က အောက်မြန်မာပြည်ရှိ ဒဂုံ၊ ရန်ကုန်အရှေ့ပိုင်း၊ ရန်ကုန်အနောက်ပိုင်း၊ ပြည်၊ တောင်ငူ၊ ပဲခူး၊ ပုသိမ်၊ မအူပင်၊ ဘားအံ၊ မြိတ်၊ ထားဝယ်၊ စစ်တွေ၊ တောင်ကုတ် စသည့် တက္ကသိုလ်များသည် ရန်ကုန်အဝေးသင်အောက်တွင် ဌာနခွဲအဖြစ် ဖွင့်လှစ်ပြီး ရန်ကုန်အဝေးသင် တက္ကသိုလ်မေးခွန်းဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အထက်မြန်မာပြည်ရှိ တောင်ကြီး၊ မကွေး၊ မုံရွာ၊ ပခုက္ကူ၊ မြစ်ကြီးနား၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရတနာပုံ၊ ပင်လောင်း၊ ကလေး၊ လွိုင်ကော်၊ လားရှိုး၊ ကင်းတောင်၊ ရွှေဘို၊ မြင်းခြံ၊ ရေနံချောင်း၊ စစ်ကိုင်းနှင့် မိုးညှင်းစသည့် တက္ကသိုလ်များက မန္တလေးအဝေးသင် တက္ကသိုလ် ဌာနခွဲအဖြစ် ဖွင့်လှစ်ပြီး ယင်းတက္ကသိုလ်က ထုတ်ပေးသည့်မေးခွန်းဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြည်တက္ကသိုလ် အင်္ဂလိပ်စာ အထူးပြု တတိယနှစ် ကျောင်းသားတစ်ဦးက “ကိုယ့်ကျောင်းနဲ့ကို မေးခွန်းထုတ်တာ ကောင်းပါတယ်။ ဒါပေမဲ့တစ်ခုရှိတာက  ဆရာ၊ ဆရာမတွေကြားမှာ မေးခွန်းမသမာမှုတွေ ဖြစ်လာနိုင်တယ်။ ဒါတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်ရင်တော့ ကောင်းပါတယ်”ဟု မှတ်ချက်ပေးသည်။

ထိုကဲ့သို့ တက္ကသိုလ်အလိုက် မေးခွန်းထုတ်ခွင့်ပြုလိုက်ပါက တက္ကသိုလ်မေးခွန်း ရောင်းစားခြင်းများ ရှိလာနိုင်ခြင်း၊ ဆရာ၊ ဘာသာရပ်သင်ဆရာ၊ ဆရာမများက မိမိကျူရှင်တက်ရန် ဖိအားပေးခြင်းများ ရှိလာပြီး ကျောင်းသား၊ ကျောင်းသူများအနေနှင့်လည်း ကျောင်းစာကို စိတ်ဝင်စားမှု နည်းလာနိုင်ကြောင်း ၎င်းကဆိုသည်။

J-19 



FOLLOW US