News

POST TAGGED AS

ပြည်

လယ်ဧက၂၀၀၀ ကျော်ရေမြုပ်၍ တမံဖျက်ပေးရန် လယ်သမားများ ဆန္ဒပြ

ပြည်၊ ဇွန်၁၆

ပဲခူးတိုင်း၊ ပြည်မြို့နယ်အတွင်း လောသော့ချောင်းကိုတမံပိတ်ထား၍ ရှေးဟောင်းဇုန်အတွင်းရှိ ကျေးရွာအုပ်စု လေးခုမှ လယ်ဧကပေါင်း ၂၀၀၀ ကျော် ရေနစ်မြုပ်နေသောကြောင့် အဆိုပါရေထိန်းတမံကို ဖျက်သိမ်းပေးရေးအတွက် ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက လူအင်အား ၂၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါ ပွဲဦးဆောင်သူ ဦးမြတ်သူက ပြောကြားသည်။

ရှေးဟောင်းဇုန်မှော်ဇာကျေးရွာရှေ့မှ ယင်းနေ့ နံနက် ၉ နာရီခန့်မှစ၍ ရေနစ်မြုပ်နေသည့် မှော်ဇာကျေးရွာအုပ်စု၊ တွင်းဗျည်းကျေးရွာအုပ်စု၊ မထောကျေးရွာအုပ်စု၊ အရှေ့လက်ခုပ်ပင်ကျေးရွာအုပ်စုတို့မှ ဒေသခံလူ ၂၀၀ ကျော်ဖြင့် မှော်ဇာကျေးရွာ ရှေ့မှစတင်ကာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ပြည်-ပေါက် ခေါင်းလမ်းတစ်လျှောက်၊ ပြည်-အောင်လံ လမ်း ဆည်မြောင်းဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့တွင် တောင်းဆိုခဲ့ကြသည်။

“နှစ်ကြိမ်စိုက်တာ နှစ်ကြိမ်စလုံးမြုပ်တော့ မျိုးတွေပါသွားပြီ။ တောင်သူတွေမှာ မျိုးမကျန်တော့ဘူး။ ဒီတမံကိုဖျက်ပေးမှပဲ စိုက်ပျိုးလို့ရတော့မယ်။ တမံကလည်း တစ်ဦးတစ်ယောက်တည်းက လုပ်ထားတာ ဖြစ်တဲ့အတွက် အထွေထွေ အုပ်ချုပ်ရေးကနေ ၂၀၁၅ လောက်ကတည်းက ဖျက်သိမ်းဖို့ကျပြီးသားကို လာရောက်ဆောင်ရွက်ပေးခြင်းမရှိလို့ အခုလို ဆန္ဒပြရတာပါ”ဟု ဦးမြတ်သူက ဆိုသည်။

အဆိုပါလယ်မြေများမှာ ပုံမှန် မိုးရွာပါက ရေဝင်လေ့ရှိသော်လည်း မိုးပြီးပါက ရေပြန်ကျသွားပြီး တမံဆောက်ထားသည့်အတွက် ရေမစီးတော့ဘဲ လတ်တလောတွင် ၁၅ ရက်ခန့်ကြာ ရေဝင်နစ်မြုပ်နေရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“အဲဒီတမံကို ဖျက်သိမ်းဖို့ လေးကြိမ်တိုင်တိုင် စာထုတ်အကြောင်းကြားပြီးပါပြီ။ အခုထိ မဖျက်သေးတဲ့အတွက် ရေမြစ်ဖြိုးကနေတစ်ဆင့် တရားစွဲဆိုဖို့ ညွှန်ကြားမှုတွေ ပြုလုပ်ထားပါတယ်”ဟု ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က ပြောဆိုသည်။

လောသော့ချောင်းအတွင်းရှိ အဆိုပါ ရေထိန်းတမံကို ပြည်မြို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက၂၀၀၇-၂၀၀၈ ခုနှစ်ဝန်းကျင်ခန့်တွင် တည်ဆောက်ခဲ့ပြီး ယင်းအချိန်မှစ၍ နှစ်စဉ် ရေနစ်မြုပ်မှုကြုံ တွေ့နေရသောကြောင့် ဖျက်သိမ်းပေးရန်စာတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်ဖျက်သိမ်းရန် ညွှန်ကြားချက် ထွက်လာပြီး မဖျက်သေးသောကြောင့် ဒေသခံ လယ်သမားများ ရေနစ်မြုပ်မှု ကြုံတွေ့နေရသဖြင့် အဆိုပါတမံကို ချက်ချင်း ဖျက်သိမ်းပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း အဆိုပါ ဒေသခံများထံမှသိရသည်။

M-06



FOLLOW US